အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ရာသီအဖွင့်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်ပရိသတ်များ ဆန္ဒပြ

မန်ချက်စတာယူနိုက်တက်အသင်း၏ ပရိသတ်များသည် အသင်း၏ ရာသီအဖွင့်ပွဲစဉ်ဖြစ်သည့် ဘရိုက်တန်အသင်းနှင့် ပွဲတွင် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို အိုးလ်ထရက်ဖို့ဒ်ကွင်းရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်များသည် ဂလေဇာမိသားစု၏ မန်ယူအသင်းအပေါ် ပိုင်ဆိုင်မှုအား ကန့်ကွက်ဆန္ဒပြသည့် စာတန်းများကို ကိုင်ဆောင်ထားကြသလို၊ မီး ရှူးမီးပန်းများ၊ မီးခိုးမှုတ်စက်များကို အသုံးပြုပြီး ဂလေဇာ ထွက်သွားဆိုသည့် သံပြိုင်အော်ဟစ်မှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကြီးမားသည့် စာတန်းကြီးတစ်ခုမှာ ”Fight greed, Fight for United, Fight Glazer”ဟု ရေးသားထားပြီး ဂလေဇာမိသားစုအပေါ် မလိုလားသည့် စိတ်ဓာတ်ကိုလည်း ပြသခဲ့ကြသည်။

မန်ယူအသင်းသည် ရာသီအဖွင့်ပွဲစဉ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် ကစားခဲ့ရသော်လည်း ဘရိုက်တန်အသင်းကို (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲစဉ်တွင် ကစားခဲ့သည့် ခြေစွမ်းအပေါ်  မန်ယူကစားသမားဟောင်းများ၊ အသင်းပရိသတ်များက မီဒီယာ များ၊ လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ခဲ့ကြသည်။