ကစားသမားသစ်များကို အချိန်မီ စာရင်းသွင်းနိုင်မည်ဟု ဘာစီလိုနာဘုတ်အဖွဲ့ ယုံကြည်နေပြီး ဒီယွန်းကို ခြိမ်းခြောက်မှု ပြုလုပ်ထားကြောင်း သတင်းထွက်နေ

ဘာစီလိုနာအသင်း၏ ဘုတ်အဖွဲ့သည် ယခုနွေရာသီတွင် ခေါ်ယူထားသည့် ကစားသမားသစ်များကို အချိန်မီ စာရင်းသွင်းနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

ရာသီသစ်လာလီဂါပြိုင်ပွဲမှာ ယခုတစ်ပတ် သောကြာနေ့တွင် စတင်တော့မည်ဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် စနေနေ့တွင် ဗယ်လက်ကာနိုအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ ကစားသမားသစ်များနှင့် စာချုပ်သက်တမ်းတိုးထားသည့် ကစားသမားများကို လာလီဂါအဖွဲ့ချုပ်ထံ စာရင်းသွင်းနိုင်ခြင်း(မှတ်ပုံတင်နိုင်ခြင်း)မရှိသေးပေ။

ဘာစီလိုနာအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဝန်ဒေါစကီး၊ ခွန်ဒဲ၊ ကက်ဆီး၊ ခရစ္စတန်ဆန်နှင့် ရာဖင်ညာတို့ကို ခေါ်ယူထားပြီး ဒမ်ဘီလီ၊ ဆာဂျီရောဘတ်တိုနှင့် ဂါဗီတို့ကို သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုထားသည်။

အဆိုပါကစားသမားများကို အသင်း၏လူစာရင်း၌ စာရင်းသွင်းရန်မှာ လာလီဂါအဖွဲ့ချုပ်မှ ချမှတ်ထားသော လစာစည်းမျဉ်းနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် အခက်တွေ့နေခြင်း ဖြစ်သည်။

ယင်းအတွက် ပြိုင်ဘက်အသင်းပရိသတ်အချို့၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်နေရသော်လည်း ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာအပါအဝင် ဘုတ်အဖွဲ့က အချိန်မီ ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

လေ့လာသူအချိုု့ကမူ ဘာစီလိုနာအသင်းအနေဖြင့် ဝင်ငွေရပေါက်ရလမ်းအသစ်တစ်ခုကို ဖန်တီးခြင်းနှင့် အသင်းမှ ကစားသမားအချို့ကို လစာလျှော့ချ၍ စာချုပ်သစ်ချုပ်ဆိုခြင်းများ ပြုလုပ်နိုင်ပါက ဖြေရှင်းနိုင်မည်ဟု သုံးသပ်ခဲ့သည်။ ဘာစီလိုနာအသင်းတာဝန်ရှိသူများကလည်း ကစားသမားအချို့ကို ရောင်းထုတ်၍ ငွေရှာရန်နှင့် ပီကေးနှင့် ဘူးစကွက်စ်တို့ ကို နည်းပါးသည့် လစာနှုန်းထားဖြင့် သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအခြေအနေတွင် ဘာစီလိုနာအသင်းသည် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့၏ ပစ်မှတ်ကစားသမားဖြစ်သည့် ဒီယွန်းကို ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့သည်။

ယခင်ဥက္ကဋ္ဌ ဘာတိုမူလက်ထက် ၂၀၂၀ ခုနှစ်က ဒီယွန်းကို သက်တမ်းတိုးခဲ့ရာတွင် မရိုးသားမှုများရှိခဲ့ခြင်းကြောင့် မူလစာချုပ်ဟောင်းအတိုင်းသာ ပြန်လည်လက်ခံရန် တောင်းဆိုထားပြီး လိုက်လျောခြင်းမရှိပါက ဥပဒေအရ ရင်ဆိုင်ဖြေရှင်းရမည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်ကြောင်း သိရသည်။