ရာသီသစ် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားများ ပေါက်ကြားမှု ဖြစ်ပွားခဲ့

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်သည် လာမည့် ၂၀၂၂-၂၀၂၃ ရာသီ ပွဲစဉ်ဇယားကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သုံးရက်အလို၌ မန်စီးတီးသည် ဘုန်းမောက်နှင့် အဖွင့်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်ကြောင်း သတင်း ပေါက်ကြားမှုဖြစ်လာခဲ့သည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် ရာသီသစ် အတွက် ပွဲစဉ်ဇယားကို လာမည့် ကြာသပတေးနေ့ (၁၆-၆-၂၀၂၂) ရက်မှ တရားဝင်ကြေညာသွားမည်ဖြစ်သော်လည်း မန်စီးတီး၏ တွစ်တာ အကောင့်တွင် ဘုန်းမောက်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဖော်ပြမှုတွင် ဘုန်းမောက်၏ အမည်ဖြင့် နာရီပုံအီမိုဂျီကိုတင်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ မန်စီးတီးသည် ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နောက် နှစ်မှတ်အကွာဖြင့် တန်းတက်ခွင့်ရရှိခဲ့သော ဘုန်းမောက်နှင့်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ဖော်ပြသည့်သဘောသက်ရောက်မှု ရှိနေခြင်းဖြစ်သည်။ ယခုအခါတွင်မူ အဆိုပါပို့စ်မှာဖျက်သိမ်း လိုက်ပြီလည်းဖြစ်သည်။ ထို့ပြင်အဆိုပါနေ့၌ပင် လာမည့် ရာသီပရီးမီးယား၏ ပွဲစဉ်ဇယားအချို့မှာလည်း သတင်းပေါက်ကြားမှု ဖြစ်ခဲ့သေးသည်။ အဆိုပါ ပေါက်ကြားမှုတွင် ဩဂုတ် ၆ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ ပွဲစဉ်ဇယား ရှစ်ခုနှင့် ဒီဇင်ဘာ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ရှစ်ပတ်ကြာပွဲစဉ်ဇယားတို့မှာ အွန်လိုင်းတွင် ပျံ့နှံ့ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါက်ကြားမှုတွင်မူ မန်စီးတီးသည် အဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့သောရာသီက နောက်ဆုံးပွဲတွင် အနိုင်ရခဲ့သည့်အက်စ်တွန်ဗီလာနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။