ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဝမ်ဒေါစကီး ဆွတ်ခူး

ပြီးခဲ့တဲ့ရာသီက ဆုဖလား(၅)လုံး ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄၆)ပွဲ ကစားရာမှာ (၅၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီဟာ လီဝမ်ဒေါစကီးရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး Ballon d’Or ဆု ရမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် တချို့ပြိုင်ပွဲတွေကို ဖျက်သိမ်းခဲ့ရလို့ ၂၀၂၀ ပြည့်နှစ်အတွက် Ballon d’Or ဆု မချီးမြှင့်တာကြောင့် နစ်နာခဲ့ရပါတယ်။

ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုလည်း ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖီးလစ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟန်ဆီဖီးလစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရာသီတစ်ဝက်ကျမှ ကိုင်တွယ်ခဲ့ပေမဲ့ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ပို့နိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလား၊ ဂျာမန်စူပါဖလား၊ ဥရောပစူပါဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့သူပါ။

ဘိုင်ယန်မြူးနစ်ဂိုးသမား နျူအာက ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆု ဆွတ်ခူးခဲ့ ပါတယ်။ နျူအာဟာ အက်သလက်တီကိုဂိုးသမား ယန်အိုဘလက်၊ ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ်တို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။ ဘိုင်ယန်မြူးနစ် နောက်ခံအစွန်လူ ကင်မစ်ခ်ျကလည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးနောက်ခံလူဆု ဆွတ်ခူးခဲ့ပါတယ်။ ကင်မစ်ခ်ျဟာ ဘိုင်ယန်မြူးနစ် အသင်းဖော်တွေဖြစ်တဲ့ အယ်ဖွန်ဆိုဒေးဗီးနဲ့ ဒေးဗစ်အလာဘာတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဆုကိုတော့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ဆွတ်ခူးခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးဆုကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဆွတ်ခူးခဲ့ပါတယ်။ သူက ချန်ပီယံလိဂ်မှာ ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာကတော့ ၂၀၂၀ ပြည့်နှစ်အတွက် ယူအီးအက်ဖ်အေဥက္ကဋ္ဌဆု(UEFA President’s award) ဆွတ်ခူးခဲ့ပါတယ်။ ဒီဆုဟာ ပြောင်မြောက်တဲ့ စွမ်းဆောင်မှု၊ အောင်မြင်မှု ရရှိသူတွေ၊ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ စံနမူနာယူစရာ ကိုယ်ရည်ကိုယ်သွေး ပြသနိုင်သူတွေကို ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။