အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်

 

မန္တလေး စက်တင်ဘာ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ၂ဝ၂ဝ ပြည့်နှစ်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စတင် ဆောင်ရွက်ခဲ့ကြသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လာမည့်နိုဝင်ဘာလ ၈ ရက် တွင်ကျင်းပသွားမည့်၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မဲဆွယ်စည်းရုံးခွင့်ပြုခဲ့သည့် ယနေ့ နံနက်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အမရပူရမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှရှေးဦးစွာ ပါတီအောင်လံလွှင့်ထူပွဲအား ကျင်းပခဲ့ပြီးနောက် မြို့နယ်ပြည်ခိုင်ဖြိုး ရုံးရှေ့တွင် ပါတီအား ထောက်ခံအားပေးသည့် ပြည်သူများစီးနင်းလာသည့် မော်တော်ယာဉ်များပေါ်တွင် ပါတီ အောင်နိုင်ရေး စတစ်ကာကပ်ပေးသည့် စတစ်ကာကမ်ပိန်းကိုပြုလုပ် ခဲ့ကြသည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းဦး ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ်ပါတီကော်မတီဝင်များ ပါဝင်သော အဖွဲ့သည် ပန်းချီ၊ ကုက္ကို၊ ပုဏ္ဏားစု၊ တောင်ရွာလေးကျေးရွာ များသို့ တစ်အိမ်တက်ဆင်းသွား ရောက်၍ ပါတီအောင်နိုင်ရေး လှုပ်ရှားမှုအဖြစ် မဲဆန္ဒရှင်ပြည်သူ လူထုအား ရင်းရင်းနှီးနှီး ဂါရဝပြု မိတ်ဆက်စကား ပြောကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း မိတ်ဆက်ပန်းဖလက်များ ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင် ပြည်သူများ၏ နေအိမ်များတွင် ပြည်ခိုင်ဖြိုးပါတီ ပိုစတာများ ဖြန့်ဝေခြင်းနှင့် ပါတီစတစ်ကာများ ကပ်ပေးခြင်းစသည် တို့ကို ဆောင်ရွက်ခဲ့ကြသည်။

ပါတီစုံအထွေထွေရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာသို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့် ရှိသူ အမရပူရမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်ဝါဝါလှိုင်၊ အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ် တော်မဲဆန္ဒနယ်မြေ အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်အောင်ထက်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စောမြိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ပါဝင် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

သုတ (မန္တလေး)