အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို စိန်ခေါ်သူ ထွက်ပေါ်လာ

One Championship က MMA ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ မှာ ထပ်မံကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာတော့ အဓိက တွဲဆိုင်းအဖြစ် အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံလုပွဲ ပါဝင်လာမှာ ဖြစ်ပြီး မူလက ထိုးသတ်ရမယ့် ပြိုင်ဖက် ဘရာဇီးနိုင်ငံသားမဟုတ်တော့ပဲ ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါလို့ ထုတ်ပြန်လိုက်ပါပြီ။

မူလက ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်ကို အနိုင်ယူခဲ့တဲ့ ဘရာဇီးနိုင်ငံသား လီအန်ဒရိုအနေနဲ့ အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကို စိန်ခေါ်လာမယ်လို့ အများက သိထားခဲ့ပေမယ့်လည်း ယခုအခါမှာတော့ One Championshipက အောင်လအန်ဆန်ရဲ့ ပြိုင်ဖက်ကို ထုတ်ပြန် ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ယခုအောင်လရဲ့ ရွှေခါးပတ်ကို စိန်ခေါ်မယ့်သူကတော့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲနိုင်ထားသူဖြစ်ပြီး ၃ပွဲမှာ ပထမအချီတွေမှာပင် အနိုင်ယူထားသူ လို့ သိရပြန်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ဇွန်လတုန်းက ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး ပထမ ဆုံးမစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကို ရယူနိုင်ခဲ့ပါတယ်။

အဲ့နောက် ဟဲဗီးဝိတ်တန်းမှ အလိန်း အန်ဂါလာနီနဲ့ အထူးစိန်ခေါ်ပွဲမှာလည်း ထပ်မံအနိုင်ယူကာ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ဆုကိုလည်း ဘရာဇီး က မချာဒိုကို အနိုင်ယူပြန်ကာ လိုက်ဟဲဗီးဝိတ်တန်းရဲ့ ရွှေခါးပတ်ချန်ပီယံ ဖြစ်ထားသူလည်း ဖြစ်ပါတယ်။

အောင်လန်အန်ဆန်အနေနဲ့ လက်ရှိမှာတော့ လေ့ကျင့်မှုများကို အမေရိကန်နိုင်ငံမှာပင် ပြုလုပ်လျက်ရှိနေပြီး ယခုပွဲစဉ်နဲ့ ပတ်သက်ပြီးတော့လဲ -” ကျွန်တော့်ရဲ့မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ရပါတော့မယ်။ ပြိုင်ဖက်က တော့ ဂျပန်နိုင်ငံသားလို့ သိရပါပြီ။ မကြာခင် ကျွန်တော်အိမ်ပြန်လာခဲ့ပါ့မယ်။ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ၎င်းရဲ့ လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

Source- MMA / Duwun