ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များအားတွေ့ဆုံ

နေပြည်တော်၊ မေ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ကော် မတီဝင်များနှင့် အရန်ကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးခင်မောင်ဌေးနှင့် ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ မြို့နယ်အရန်ကော်မတီဝင်များ စုစုပေါင်းအင်အား ၁၆ဝ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနား စတင်ဖွင့်လှစ် ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ပါတီဥက္ကဋ္ဌ များအား စည်းရုံးရေးဆိုင်ရာ လက်ကမ်းစာစောင်များ၊ ပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက်များ၊ နိုင်ငံ ရေးပါတီ ၂၇ ပါတီ၏ သဘောထားအမြင်၊ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာများပေးအပ်ခဲ့ပြီး ”မြို့နယ် ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များသည် ပြည်သူနှင့် အမြဲထိတွေ့မှုရှိနေမှသာ ပြည်သူများ၏ အခက်အခဲနှင့် အခြေအနေအမှန်များအား သိရှိရမည်ဖြစ်ကြောင်း၊ ယနေ့လက်ရှိ အစိုးရသည် စီမံဆောင်ရွက်မှု များ၊ လိုအပ်ချက်နှင့် လွဲချော်မှုများ ရှိနေသဖြင့် ပြည်သူများစီးပွားရေး၊ လူမှုရေးစသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ မိမိတို့ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်လည်း အစိုးရအား အခါအခွင့်သင့်တိုင်း ပြည်သူ့အတွက်သဘောထားဆန္ဒများ၊ အကြံပြုချက်များနှင့် အခြားပါတီများနှင့်ပေါင်းစပ်၍ လည်း သဘောထားကြေညာချက်များ ထုတ်ပြန်၍ ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း”ပြောကြားခဲ့သည်။

ထို့နောက် ပါတီဌာနချုပ်ဗဟို၏ ဆွေးနွေးဆုံးဖြတ်ချက်များအား ထပ်မံရှင်းလင်းခဲ့ရာ မြို့နယ်များမှ နယ်မြေ အခြေအနေနှင့် ပါတီကိစ္စများအား တင်ပြလာမှုအပေါ် ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ပေါ်ဦး