တိုက်ပွဲတွင်း ခြေထောက်ပြတ်ခဲ့သော်လည်း ကားမောင်းပြိုင်ပွဲဝင်မည့် စစ်သားဟောင်းများ

တိုက်ပွဲတခုမှာ ခြေထောက်တွေ ဆုံးရှုံးခဲ့ကြရပေမယ့် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နေကြတာဟာ တကယ့်ကို အံ့သြအတုယူဖွယ်ပါပဲ။

အဲဒီစစ်သားလေးဦးဟာ အာဖဂန်နစ္စတန်စစ်ပွဲကနေ ပြန်လာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ဟာ စစ်မြေပြင်ကနေ အနားယူပြီးတဲ့နောက် အသင်းတသင်းဖွဲ့ပြီး ကားမောင်းပြိုင်ပွဲဝင်တော့ မယ်လို့ သိရပါတယ်။

သူတို့ဟာ ဂျာဂွာ F-Type SVR GT4s ကားနဲ့ ဗြိတိန်ဂျီတီချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဒီကနေ့ အိုလ်တန်ပါ့ခ်မှာ ကျင်းပမှာဖြစ်ပြီး ကားမောင်းသမား လေးဦးစလုံးဟာ ရာသီမတိုင်ခင် ကတည်းက လေ့ကျင့်ခဲ့ကြတာဖြစ်လို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အင်ဗစ်တပ်စ်ဖောင်ဒေးရှင်းနာမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကားမောင်းသမားတွေထဲက တဦးကတော့ သူ့အနေနဲ့ ဘဝမှာ နှစ်ကြိမ်သေခဲ့ဖူးသလို ဖြစ်တာမို့ ဘာကိုမှ ကြောက်ရွံ့ခြင်း မရှိတော့ဘူးလို့ ပြောပါတယ်။

သူတို့အနေနဲ့ မရခဲ့တဲ့ စိတ်လှုပ်ရှားမှုတွေ၊ ဂုဏ်တွေ၊ ဆုံးရှုံးခဲ့တဲ့ ငြိမ်းချမ်းမှု၊ လှုပ်ရှားမှုတွေကို ပြန်လည်ရရှိဖို့ ပြိုင်ပွဲဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

စစ်ပွဲကြောင့် သူတို့တွေ မသန်စွမ်းဖြစ်ခဲ့ရပေမယ့် ဘဝကို အရှုံးမပေးဘဲ ပြိုင်ပွဲဝင်သွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

(DVB)