ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး ဆိပ်ကြီးခနောင်တို ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ


ရန်ကုန် ဧပြီ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီကော်မတီရုံးတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ဧည့်သည်တော်များအဖြစ် ဦးဝင်းမြင့် နှင့် ဦးကျော်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊
တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ် ပါတီဝင်များ၊ မြို့မိမြို့ဖများ ပါတီဝင်အင်အား ၂ဝဝ ကျော် တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ပါတီသည် လူရောပါတီပါ အစစ်ဆေးခံနိုင်သော ပါတီဖြစ်ကြောင်း၊ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ပါတီဝင်များသည် အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝကြသူများဖြစ်ကြောင်း၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် မိမိတို့ ပါတီပြန်လည်အနိုင်ရရှိရေးအတွက် ပါတီအောင်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံနှင့်ပြည်သူအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဆောက်ရွက်နေသည့်လုပ်ငန်းများကို ပါတီဝင်များ သိရှိနိုင်ရန်အတွက် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဧည့်သည်တော် ဦးဝင်းမြင့်က မိတ်ဆက်စကားပြောကြားသည်။ ဆက်လက်၍ ဧည့်သည်တော် ဦးကျော်စိုးက နှုတ်ဆက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)