လန်ဒန်ဒါဘီပွဲအပြီးတွင် ချဲလ်ဆီးနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့

စတမ်းဖို့ဒ်ဘရစ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ် အပြီးမှာ ချဲလ်ဆီးနဲ့ စပါးပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စပါးဟာ ချဲလ်ဆီးကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်မှာ (၂၈)နှစ်အတွင်း ပထမဆုံး နိုင်ပွဲရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ နှစ်ဖက်ပရိသတ်တွေဟာ ဘီယာဗူးခွံတွေ၊ traffic cone တွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပြီး ရဲအဖွဲ့က ပရိသတ်နှစ်ဖွဲ့အကြား အတားအဆီးတွေချထားခဲ့ပါတယ်။

အစောပိုင်းက ရဲအဖွဲ့အနည်းငယ်ဟာ နှစ်ဖက်ပရိသတ်ကြားထဲကနေ အခြေအနေကို တည်ငြိမ်အောင်ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ဖက်ပရိသတ်တွေအကြား အပြန်အလှန်ပြောဆိုတာကနေ ဒေါသထွက်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

စပါးပရိသတ်တွေဟာ ဖူလ်ဟမ်လမ်းမပေါ်မှာ “ငါတို့ဟာ စပါးသာဖြစ်တယ်” ဆိုပြီးအော်ဟစ်သီဆိုမှုတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အခြေအနေကိုပိုမိုထိန်းသိမ်းနိုင်ဖို့ နောက်ထပ် ရဲတပ်ဖွဲ့ဝင်တွေ ခေါ်ခဲ့ရပါတယ်။

ဒီပွဲအနိုင်ရလဒ်ကြောင့် ပရီးမီးယားလိဂ်အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ စပါးဟာ အဆင့်(၅)နေရာက ချဲလ်ဆီးကို လက်ကျန်(၇)ပွဲ ကျန်ရှိချိန်မှာ (၈)မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

-Ref; Sky sports