အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး အပါအဝင် သံရုံး ၁၀ ရုံးသည် ငွေလွှဲရန် အခက်အခဲရှိဟု ဒုဝန်ကြီးပြော

ပြည်ပတွင် မြန်မာသံရုံး ၄၄ ရုံးရှိသည့်အနက် သံရုံး ၁၀ ခုသည် ငွေပုံမှန်လွှဲပြောင်းပေးရန် အခက်အခဲရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က သြဂုတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောသည်။ ငွေလွှဲပြောင်းနိုင်ခြင်းမရှိသည့် သံရုံး ၁၀ ရုံးမှာ ကီပရာ(Kipawa)၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ ဘဲဂရိတ်၊ ဝါရှင်တန်၊ အော့တဝါ၊ နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဘရာဇီးလီးယမ်းတို့ဖြစ်ကြောင်း ၎င်းကပြောသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်းသည် သမ္မတ အမိန့် အာဏာနှင့် ရုပ်သိမ်းသည့်အပိုင်းသာဖြစ်ပြီး လွှတ်တော်က ဥပဒေဖြင့် တားမြစ်ထားသည့်အတွက် သံရုံးအချို့မှ ကောင်စစ်ဆိုင်ရာ ရငွေများ လွှဲပြောင်းရာတွင် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဦးကျော်တင်က ပြောသည်။

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၀၄ တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှု လုပ်ငန်းရပ်များကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ချမှတ်ထားသော ဆန်ရှင် ၃၁၁ ကြောင့်လည်း ငွေလွှဲရန် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

‘‘ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဆိုပါအက်ဥပဒေရဲ့ ကန့်သတ်ခံရမှုကနေ လွတ်မြောက်နိုင်ခြင်းမရှိသေးဘဲနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးကို ဒေါ်လာဖြင့် ငွေကြေးလွှဲပြောင်းရန် ပြုလုပ်တဲ့အခါ မှာ အခက်ခဲတားဆီးကြုံတွေ့နေရ ခြင်းဖြစ်ပါတယ်’’ဟု ဦးကျော်တင်က ပြောသည်။ ‘‘ဒီလိုလွှဲပြောင်းပေးပို့မရတဲ့ တချို့သံရုံးများမှာလည်း ငွေလုံး ငွေရင်း အသုံးစရိတ်တွေကို ဒီကနေပေးပို့ခြင်းမပြုဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ကောင်စစ်ကောက်ခံရရှိငွေ များမှတစ်ဆင့် ခုနှိမ်သုံးစွဲခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်စေပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

သြဂုတ် ၁၅ ရက်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးစာရင်းများ စစ်ဆေးချက်အစီရင်ခံစာ (၉/၂၀၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ပြန်လည်ရှင်းလင်းရာ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင်ရှိသော မြန်မာသံရုံးအဖွဲ့ ကောင်စစ်ဝန်ရုံးများအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီကောက်ခံရရှိငွေများအတွက် သီးခြားငွေစာရင်းများ ဖွင့်လှစ်ကာ စနစ်တကျ စာရင်းရေးသွင်းထားရေး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

‘‘ကောင်စစ်ဆိုင်ရာ ရရှိငွေများကို လွှဲပို့နိုင်ခြင်းမရှိသေးတဲ့ သံရုံးများအနေဖြင့် ပြန်လည်လွှဲပြောင်းပေးပို့နိုင်မှု အခြေအနေတွေကို သက်ဆိုင်ရာဘဏ်များနှင့် အမြဲမပြတ်စုံစမ်းပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်’’ ဟု ဦးကျော်တင်ကပြောသည်။ ကန့်သတ်ချက်ရှိနေသေးသည့် ဆန်ရှင် ၃၁၁ ပယ်ဖျက်နိုင်ရေး မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ရန်၊ တရားမဝင်ငွေလွှဲပို့မှုလုပ်ငန်းများကို စည်းကမ်းစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ ‘‘အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ရဲ့အက်ဥပဒေနဲ့အညီ ဖြစ်စေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများကလည်း လိုအပ်တဲ့အရေးယူမှုများ ဆောင်ရွက်ဖို့ အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်’’ဟု ဦးကျော်တင် က ပြောသည်။

အဆိုပါ ကန့်သတ်ချက် ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနှင့် မြန်မာသံရုံးအမြဲကိုယ် စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန် ရုံးများကို မြန်မာနိုင်ငံခြားဘဏ်မှတစ်ဆင့် အသုံးစရိတ်များ လွှဲပို့ရာမှာလည်း ဒေါ်လာဖြင့် လွှဲပို့ နိုင်ခြင်း မရှိသေးဘဲ ကြားခံဘဏ်မှတစ်ဆင့် နိုင်ငံခြားဘဏ်များသို့ ယူရိုငွေကြေးဖြင့် လွှဲပြောင်းပေးနေရကြောင်း ၎င်းကပြောသည်။ ထိုသို့အဆင့်ဆင့် ပို့ဆောင်ရသဖြင့် ဆုံးရှုံးမှုများစွာရှိနေပြီး ဝန်ဆောင်ခလည်း ပုံမှန်ထက် ပိုမိုပေးဆောင်ရကြောင်း ဦးကျော် တင်က ပြောသည်။

ကောင်စစ်ဝန်ရုံးများမှ ဗီဇာ ခ၊ ကောင်စစ်ဝန်ဆောင်ခ၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခ၊ အခြားထောက်ခံစာ ထုတ်ပေးရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝင်ငွေရရှိကြောင်း ၎င်းကပြော သည်။ သံရုံးများမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် ကျပ် ၇၈ ဒသမ ၄၁၅ ဘီလီယံလွဲပို့နိုင်ကာ လွှဲပို့ရန်ကျန်ငွေသည် ၆၇ ဒသမ ၆၈ ဘီလီလံဖြစ်ကြောင်း သိရသည်။