နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် ထားရှိရန် ပင်ဂွင်ငှက်လေးကောင်ကို ထိုင်းတိရစ္ဆာန်ဥယျာဉ်က လက်ဆောင် ပေးမည်

နေပြည်တော်တိရစ္ဆာန် ဥယျာဉ်တွင်ပြသရန် ပင်ဂွင်ငှက်လေးကောင်ကို ထိုင်းနိုင်ငံတိရစ္ဆာန်ဥယျာဉ်က ပေးအပ်သွားမည်ဟု တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေးက ပြောသည်။ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ရုံများနှင့် ထိုင်းနိုင်ငံရှိ The Zoolo-gical Park Organization တို့ တိရစ္ဆာန်ရုံချင်း နားလည်မှု စာချွန် လွှာအရ ယင်းသို့ လက်ဆောင် ပေးအပ်ရန် စီစဉ်ခြင်းဖြစ်သည်။

‘‘တိရစ္ဆာန်အချင်းချင်း လဲ လှယ်တာတော့ မဟုတ်ဘူး။ ဒီက ပြန်မပေးရဘူး။ သူတို့က လက်ဆောင်အနေနဲ့ ပေးတာ’’ ဟု ဦးသန်းစိုးအေးက ပြောသည်။ ယင်းသို့ ပင်ဂွင်ငှက် လေးကောင်ပေးအပ်မှုကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ခွင့်ပြုချက်ရပါက လက် ခံဆောင်ရွက်မည် ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ The Zoological Park Organization နှင့် တိရစ္ဆာန်ရုံချင်း နည်းပညာ ပူးပေါင်းမှု၊ ပညာရပ်ဆိုင်ရာ ဖလှယ်မှု၊ ရှားပါးတိရစ္ဆာန်များ ထိန်းသိမ်းရေးနှင့် ဆေးကုသရေးလုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိတွင်  တိရစ္ဆာန် ဥယျာဉ်(နေပြည်တော်)၌ ဂျပန် နိုင်ငံမှ ဝယ်ယူထားသော ပင်ဂွင် ငှက်လေးကောင်ကို  ပြသထား သည်။

မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် တိရစ္ဆာန်လဲလှယ်ခြင်း၊ လက်ဆောင်ပေးအပ်ခြင်းများသည် ယခင်ကလည်း ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ က ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ Sapporo Maru-yamaတိရစ္ဆာန်ရုံမှ ကြိုးကြာနီအကောင်၂၀၊ မြင်းကျားသုံးကောင်၊ သစ်ကုလားအုပ်နှစ်ကောင်၊ အမေရိကန်ကျားသစ် တစ်ကောင်နှင့် ပင်လယ်ဖျံ လေးကောင် တို့ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံက ဆင်လေးကောင်ကို ၂၀၁၈ တွင် ပေးအပ်မည်ဖြစ်သည်။