ရုရှားကို သတင်းအချက်အလက် ဖောက်သည်ချခဲ့ခြင်းက လုပ်ပိုင်ခွင့် ဘောင်ထဲကဖြစ်ဟု ဒေါ်နယ်ထရမ့် ခုခံပြော

ရုရှားတာဝန်ရှိသူများအား လုံခြုံရေးအဆင့် သတင်းအချက်အလက်များ ဖောက်သည်ချခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခုခံကာကွယ်ပြောဆို   နေရသည်။

မေ ၁၆ ရက်က တွစ်တာတွင် ရေးသားဖော်ပြမှုမျာ၌ ထရမ့်က ၎င်းအနေဖြင့် အကြမ်းဖက်မှုနှင့် စပ်ဆိုင်သော သတင်းများနှင့် လေကြောင်းပျံသန်းမှုဆိုင်ရာ ဘေးကင်းရေးတို့ကို ရုရှားနှင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းက လုပ်ပိုင်ခွင့်ဘောင်ထဲကပင်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ထရမ့်အနေဖြင့် မေ ၁၅ ရက်က ထွက်ပေါ်ခဲ့သော သတင်းနှင့် ပတ်သက်ကာ ခုခံပြောဆိုနေခြင်းဖြစ်သည်။ ၀ါရှင်ပို့စ်သတင်းစာတွင် ဖော်ပြချက်အရ ထရမ့်သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဘဲဥပုံရုံးခန်း၌ ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တို့နှင့် ပတ်သက်ပြီး ထောက်လှမ်းရေး ရင်းမြစ်သတင်းများကို ဖောက်သည်ချခဲ့သည်ဟု ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ဆုံခဲ့ စဉ်က စီစဉ်ထားသော အိုင်အက်စ်စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး ဖောက်သည်ချခဲ့ကြောင်း ယင်းကိစ္စရပ်နှင့် နီးစပ်သည့် အမေရိကန်အရာရှိနှစ်ဦးက မေ ၁၅ ရက်တွင် ပြောခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့် ရုရှားသံအမတ်ကြီး ဆာဂျီကီစလိုက်တို့နှင့် တွေ့ဆုံစဉ် ဒေါ်နယ် ထရမ့် က ထောက်လှမ်းရေးသတင်းများ ဖလှယ်ပြောဆိုခဲ့ခြင်းဖြစ်သည် ၎င်းတို့နှစ်ဦးက ဆိုသည်။

Ref; AFP