ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းတွင် ချယ်လ်ဆီးနှင့် စပါး ကစားသမားများ ဦးဆောင်

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းမှ ကစားသမားအများစု ပါဝင်ခဲ့ကြသည်။

ဆန်ခါတင် ၈ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ချန်ပီယံချယ်လ်ဆီးအသင်းမှ ကန်တီ၊ ဟက်ဇက်နှင့် အက်စ်ပီလီ ကျူတာ၊ စပါးအသင်းမှ ဟယ်ရီကိန်း၊ အလီနှင့်ဗာတွန်ဂန်၊ အဲဗာတန်တိုက်စစ်မှူး လူကာကူနှင့် အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်တို့ ပါဝင်လာခဲ့သည်။

ထိုစာရင်းထွက်ပေါ်လာပြီးနောက်တွင် ချယ်လ်ဆီးကစားသမားကန်တီသာ ဆုရရှိမည်ဟု ရေပန်းစားလျက် ရှိသည်။ ကန်တီသည် ချယ်လ်ဆီးအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ချုပ်က ပေးအပ်သည့် ပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် အားကစား ကလောင်ရှင်များက ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုများကို ရရှိပြီးသူ ဖြစ်သည်။

ချယ်လ်ဆီးနှင့်စပါးအသင်းမှ ကစားသမားများမှာ ၎င်းတို့အသင်းများအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ကြ သည့်အတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လာကြခြင်းဖြစ်သည်။ အဲဗာတန်တိုက်စစ်မှူး လူကာကူမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၄ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်မှာမူ လိဂ်သွင်းဂိုး ၂၁ ဂိုးသွင်းယူပေးထားပြီး ၁၀ ဂိုး ဖန်တီးနိုင်ခဲ့သည်။

#Ref; Sky Sports