၂၁ ပင်လုံညီလာခံ ပြင်ဆင်သည့် အစည်းအဝေးများ ခုနစ်ရက်ဆက်တိုက် ပြုလုပ်မည်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလ ၂၄ ရက်တွင် ကျင်းပမည် ဖြစ်ရာ ယင်းညီလာခံအတွက် ပြင်ဆင်သည့် အစည်းအဝေးများကို မေလ ၇ ရက် (ယနေ့) ကစ၍ ၁၃ ရက်အထိ ခုနစ်ရက် ဆက်တိုက်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေမှုပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ စသည့် လုပ်ငန်းကော်မတီ ငါးခု အစည်းအဝေးကို မေလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း UPDJC အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောသည်။

အဆိုပါ လုပ်ငန်းကော်မတီ တာဝန်သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တင်ပြလာသော အကြံပြု ချက်နှင့် အဆိုပြုချက်များကို အကျေအလည် စေ့စပ်ညှိနှိုင်းဆွေးနွေးပြီး ရွေးချယ်ရန် နည်းလမ်းသုံးခုထက် မပိုသော မူဝါဒအဆိုပြုလွှာများ စိစစ်ရွေး ချယ်ပြုစု၍ UPDJC အတွင်းရေးမှူးအဖွဲ့သို့ ပေးပို့ရမည်ဖြစ်သည်။

ထို့နောက် မေလ ၁၀၊ ၁၁ ရက်တွင် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ကျင်းပမည်ဖြစ်သည်။ UPDJC အတွင်းရေးမှူးအဖွဲ့ကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅ ဦး ဖြင့် ဖွဲ့စည်းထားသည်။

မေလ ၁၂ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် UPDJC အစည်း အဝေး ကျင်းပမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် UPDJC ဥက္ကဋ္ဌ လည်းဖြစ်သည်။ ထို့နောက် မေလ၁၃ ရက်တွင် UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေး ကျင်းပ မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ နေပြည်တော်မှာတော့ ၂၁ ရာစုပင်လုံနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ကဏ္ဍငါးရပ်အတွက် လုပ်ငန်းကော်မတီ အစည်းအဝေးဆိုတာရှိတယ်။ လုပ်ငန်းအဖွဲ့တွေ အားလုံးဆွေးနွေးပြီးတော့ ၂၁ ရာစုပင်လုံ ကို အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင် ပြင်ဆင်တဲ့အနေနဲ့ သွားစုမှာပေါ့’’ ဟု ပအိုဝ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါ အစည်းအဝေးများ တွင် ၂၁ ရာစုပင်လုံညီလာခံ၌ အားလုံးလက်ခံနိုင်သည့် နိုင်ငံရေးဆိုင်ရာမူများ ချမှတ်ရေးဆိုင်ရာများ၊ ညီလာခံသို့ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ဖိတ်ကြားရေးနှင့် သက်ဆိုင် သည်များ ဆွေး နွေးဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

# 7 Day