၂၁ ရာစု ပင်လုံအစည်းအဝေး အကြိုပြင်ဆင်မှု စတင်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ပြော

ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် စတင်ပြင်ဆင် နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစု အဖွဲ့မှ ကိုယ်စားလှယ်များက ပြောသည်။ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များသည် တစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေးများ ပြုလုပ်ရန်ဆုံးဖြတ်ကာ လုပ်ငန်း ဆောင်ရွက်မှုများ အထောက်အကူပြုရေး ရုံးခန်းတစ်ခုကို စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့သည်။

‘‘အဓိကကတော့ အားကောင်းတဲ့ အစုအဖွဲ့အလိုက် ဆွေးနွေးမှုတွေ ကျွန်တော်တို့လုပ် နေတယ်။ ညီလာခံမှာ ကျွန်တော် တို့ ထိရောက်စွာ ထောက်ပြဆွေး နွေးနိုင်ဖို့၊ တင်ပြနိုင်ဖို့ ဖြစ်တယ်’’ ဟု UPDJC အတွင်းရေးမှူးအဖွဲ့ ဝင် ဦးမင်းကျော်ဇေယျာဦးက ပြောသည်။ ကျင်းပပြီးစီးသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် သတ်မှတ်နိုင်ရေး ဆုံးဖြတ်ချက်ချ မှတ်ရာ၌ အားနည်းချက်ရှိ ကြောင်းနှင့် ညီလာခံသဘောတူ ညီချက်နှင့် ပတ်သက်ပြီး နိုင်ငံရေး ပါတီအစုအဖွဲ့အတွင်း အကျေအလည် ဆွေးနွေးမှုမရှိသဖြင့် သဘောထားတင်ပြမှု အပိုင်းတွင် လစ်ဟာမှု ချို့ရှိကြောင်း နိုင်ငံ ရေးပါတီ အစုအဖွဲ့မှ ပုဂ္ဂိုလ်များ ကဆိုသည်။

‘‘နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီရဲ့ ဆုံးဖြတ်ချက်တွေ၊ သဘောထားတွေကို ကျေကျေလည်လည် ဆွေးနွေး ခြင်း မရှိသေးဘဲနဲ့ အပေါ်မှာသွားပြီး အဆိုပြု တာတွေရှိတဲ့အတွက် သဘော ထားကွဲလွဲမှု အချို့ရှိခဲ့တယ်။ ဒါ ကြောင့် နောင်အတွက် ကျွန်တော်တို့ ပိုမိုဆွေးနွေးသင့်တယ်လို့ ယူဆတယ်’’ ဟု SNLD တွဲဖက်အ တွင်းရေးမှူး (၂) ဦးစိုင်းကျော် ညွန့်ကပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် နိုင်ငံရေးဆွေးနွေးမှုများ အပေါ်ပထမဆုံးအတည်ပြု ဆုံးဖြတ်ချက် ချမှတ်သည့် ၂၁ ရာစု ပင်လုံညီလာခံ အားသာချက်၊ အားနည်ချက် များကို လေ့လာပြီး နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ပြန်လည် သုံးသပ်ထားကြောင်းနှင့် အဆိုပါအချက် များကို UPDJC အစည်းအဝေးများတွင် တင်ပြရန်ရှိကြောင်း UPDJC အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ပြောကြား သည်။ ပြည်ထောင်စုသဘောတူညီချက် စာချုပ်ကို ချုပ်ဆိုနိုင်သော်လည်း လုပ်နည်းလုပ်ဟန်ပိုင်းနှင့် တရားဝင်မှု အပိုင်းများတွင် အားနည်းချက်များ ရှိကြောင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး၌ ကျင်းပရန် လိုအပ်နေသည်ကို နိုင်ငံရေး ပါတီအစုအဖွဲ့က သုံးသပ်ထားကြောင်း ဦးမင်းကျော်ဇေယျာဦး က ပြောသည်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို မေလ ၂၄ မှ ၂၈ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့် ကဏ္ဍလေးရပ်မှ အချက် ၄၅ ချက်ကို ဆွေးနွေးရာ ၃၇ ချက် ကို ပြည်ထောင်စုသဘောတူစာ ချုပ် အစိတ်အပိုင်း (၁) အဖြစ် သတ်မှတ်ချုပ်ဆိုခဲ့သည်။ လက်ရှိတွင် နိုင်ငံရေးပါတီများသာမက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစသည့် အစုအဖွဲ့ အသီးသီးက နိုင်ငံရေးဆွေးနွေးမှု မူဘောင်အပေါ် ပြန်လည်သုံးသပ်မှုများ ရှိ နေသည်။ NCA အကောင်အထည် ဖော်ရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဖက် စလုံး၌ အားနည်း ချက်များ၊ ချွတ်ယွင်း ချက်များ ရှိခဲ့ကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အားကောင်းရန် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် တစ်ခုလုံး သုံးသပ်အတည် ပြုနိုင်ရန် လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ် စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက ထုတ်ဖော် ပြောကြားထားသည်။