NLD အစိုးရ၏ သက်တမ်း တစ်နှစ်အတွင်း ကာလုံအစည်အဝေး ခေါ်ယူခြင်း မရှိဟုဆို
NLD အစိုးရ၏ သက်တမ်းတစ်နှစ်ကျော် ကာလအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်အဝေးကို တစ်ကြိမ်မှ ခေါ်ယူကျင်းပခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြား လိုက်သည်။
မေလ ၂ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနတွင် အစိုးရ၏ သက်တမ်းတစ်နှစ်တာကာလအတွင်း ဝန်ကြီး ဌာနများ၏ ဆောက်ရွက်ချက်ကို မီဒီယာများသို့ ရှင်းလင်းပွဲတွင် The Voice က ကာလုံအစည်အဝေး ခေါ်ယူ ကျင်းပရန် ရှိ မရှိနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ယခုကဲ့သို့ ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။
ကာလုံအစည်အဝေးကို အစိုးရအဖွဲ့က ခေါ်ယူကျင်းပရခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် ယင်း အစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိသေးကြောင်း နိုင်ငံတော်အစိုးက နိုင်ငံ့ လုံခြုံရေးနှင့်ဆက်စပ်ပြီး ဆုံးဖြတ်ချက် ချက်ချင်းချမှတ်ရန် ခေါ်ယူသည့် အစည်အဝေးများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့်အတူ တက်ရောက် ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ကာလုံနဲ့ ပတ်သက်ပြီး ဖိတ်စာတစ်ခုမှ မရောက်ပါဘူးဟု ၎င်းက ဆိုသည်။
နိုင်ငံအေးချမ်းနေသဖြင့် ယခုလောလောဆယ်တွင် အစည်အဝေးခေါ်စရာမလိုကြောင်းနှင့် နိုင်ငံတော် အချုပ် အခြာအာဏာနှင့် ပတ်သက်ပြီး အရေးပေါ်ကိစ္စရပ်များဖြစ်လာမှသာ ခေါ်သင့်သည်ဟု အောင်မြေသာစံမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရ ကာကွယ်ရေးလုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မတ နှစ်ဦး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ဖြင့် ဖွဲ့စည်းရ မည်ဟု ဖော်ပြထားသည်။
# The Voice