တစ်ဆင့်ခရီးသွားများ စင်ကာပူတွင် ငါးနာရီခွဲကြာ လည်ပတ်ခွင့်ရမည်

ဒီဇင်ဘာလတစ်ရက်မှစ၍ မြန်မာ-စင်ကာပူ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ကြောင့် တစ်ဆင့်ကူးပြောင်း သွားလာ မည့် ခရီးသွားများအနေနှင့် ငါးနာရီခွဲကြာ အခမဲ့စင်ကာပူခရီးစဉ် ‘Free Singapore Tour’ ကို လည်ပတ်ခွင့်ရရှိ မည်ဖြစ်ကြောင်း စင်ကာပူလေကြောင်းလိုင်းထံမှ သိရသည်။

စင်ကာပူလေကြောင်းလိုင်းကို  စီးနင်းကာ အခြားနိုင်ငံများသို့ စင်ကာပူမှတစ်ဆင့် သွားရောက်မည့် ခရီးသွားများကို ဆိုက်ရောက်သော အချိန်နှင့် သင့်တော်သည့် စင်ကာပူနိုင်ငံတွင်း ခရီးစဉ်များကို အခမဲ့ လည်ပတ်ခွင့်ပေးမည်ဖြစ် ကြောင်း အဆိုပါလေကြောင်းလိုင်းမှ Passenger Sale Officer မသိမ့်သိမ့်အောင်က ဆိုသည်။

“အခမဲ့ခရီးစဉ်က အခုဗီဇာကင်းလွတ်ခွင့်ကြောင့် ခရီးသည်တွေအနေနဲ့ ပါဝင်ဖို့ အဆင်ပြေသွားတယ်။ အရင်က စင်ကာပူမှာ Transit လုပ်ပေမယ့် စင်ကာပူဗီဇာမရှိရင် ဒီအစီအစဉ်ကို ပါဝင်လို့ရမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

အခမဲ့ စင်ကာပူခရီးစဉ်များတွင်   မြို့တွင်းလှည့်ပတ်ခြင်းခရီးစဉ် (City Sight Tour) နှင့် သမိုင်းအမွေအနှစ် (Heritage Tour) ဟူ၍ နှစ်မျိုးခွဲခြား သတ်မှတ်ထားသည်။

စင်ကာပူလေကြောင်းလိုင်းမှတစ်ဆင့် ခရီးသွားသူများအနေနှင့် စင်ကာပူနိုင်ငံတွင်းရှိ အထင်ကရနေရာများသို့ လှည့်ပတ်သွားရောက်သည့် (SIA Hop-On Bus) ဘတ်စ်ကားလက်မှတ်ခကို  ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေးဖြင့် စီးနင်းခွင့်ရမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ရရှိမှုကြောင့် စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံသား ခရီးသွားများအနေနှင့် ယခင်ကထက် ပိုများလာနိုင်ကြောင်း လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုထားသည်။

Singapore Airlines ESihf SilkAir အနေနှင့် ရန်ကုန်မှ စင်ကာပူသို့  တစ်ပတ်လျှင် လေယာဉ်ခရီးစဉ်ပေါင်း အကြိမ် ၂၀ နှင့် မန္တလေးမှ စင်ကာပူသို့  တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲနေပြီး ၃၆  နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်ကို လေယာဉ် ခရီးစဉ်များ ပြေးဆွဲလျက်ရှိသည်။

စင်ကာပူလေကြောင်းလိုင်း Singapore Airlines တွင် လေယာဉ် လက်မှတ်များကို Business Class ၊ Premium Economy Classနှင့် Economy Class ဟူ၍သတ်မှတ်ထားသည်ဟု သိရသည်။

# The Voice


Leave a Reply