အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံး၊ ပုဂံ ရှေးဟောင်းစေတီပုထိုး ၁၈၀ ကျော် ထိခိုက်ပျက်စီး

ယမန်နေ့ညနေပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ည ၁၂ နာရီအထိရရှိသော သတင်းများအရ လူသုံးဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ စေတီပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၄ရက် ညနေ ၅နာ ရီ ၅မိနစ်က မကွေးတိုင်းဒေသကြီး ချောက်မြို့၏အနောက်ဘက် ၁၂  မိုင်ခန့် အကွာကို ဗဟိုပြု၍ အင် အားရစ်ခ်ျတာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ် ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

ယမန်နေ့ညပိုင်းအထိ ရရှိသောစာရင်းများအရ  ရေနံချောင်းမြို့တွင် လူနှစ်ဦး၊ ပခုက္ကူမြို့တွင် လူတစ်ဦး သေဆုံး ကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောသည်။  ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုး ၁၇၁ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း လူကယ် ပြန်ဝန်ကြီးဌာနက ည၈ နာရီခွဲ၌ရရှိသော စာရင်းကို ထုတ်ပြန်သည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာနက ည ၁၁ နာရီ ထုတ်ပြန်ချက်တွင် ပုဂံရှိရှေးဟောင်းစေတီပုထိုး ၁၈၆ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စလေဒေသရှိ စေတီပုထိုး ကိုးဆူ၊ မြောက်ဦးဒေသမှ ရတနာမာန်အောင်ဘုရား၊ ကိုးသောင်း ပုထိုးတော် အရံစေတီနှင့် ရတနာပုံစေတီတော်တို့လည်း ထိခိုက်ပျက်စီးခဲ့သည်။ အလားတူစစ်ကိုင်းဒေသရှိ စေတီပုထိုးနှင့် သာသနိက အဆောက်အအုံခုနစ်ခုလည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် 7Day က ထပ်မံရရှိသော သတင်းများအရ တောင်သာမြို့နယ်တွင် စေတီ ၁၀ ဆူ၊ မကွေးတိုင်းရှိ ရေနံချောင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ဆိပ်ဖြူမြို့နယ်တို့ရှိစေတီ ၁၃ ဆူ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ရှိ စေတီတော်တစ်ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ကြောင့် ကနဦးသတင်းများအရပင် ပုဂံမြို့ရှိ ရှေးဟောင်းစေတီ ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီ၊ပုထိုးနှင့် သာသနိကအဆောက်အအုံပေါင်း၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

ယခုလှုပ်ခတ်ခဲ့သော ငလျင်သည် မကွေးတိုင်းဒေသကြီး ချောက်မြို့အနီး ဗဟိုပြုခြင်းဖြစ်သောကြောင့် ယင်း ဒေသရှိ တုရင်တောင် ပြတ်ရွေ့ကြော လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒပညာရှင်များက ကနဦးသုံးသပ်ထားသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ပြတ်ရွေ့ကြောအချို့လည်းဖြစ်နိုင်ကြောင်း သုံးသပ်နေပြီး သွားရောက်လေ့လာ ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ သတင်းရရှိသည်။ တုရင်တောင်ပြတ် ရွေ့ကြောသည် ၁၉၇၅က ပုဂံကို ဗဟိုပြု၍ အင်အားပြင်းငလျင် နောက်ဆုံးလှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်အကြာ၌ တစ်ဖန် လှုပ်ရှားလာခြင်းဖြစ်ကြောင်း ဘူမိဗေဒပ ညာရှင်ဒေါက်တာကျော်ထွန်းက ပြောသည်။ ငလျင်မှာမြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဗဟိုပြုခဲ့သောကြောင့် နောက်ဆက်တွဲ ငလျင်ငယ်လေးများကို သတိပြုရန် ဒေါက်တာ ကျော်ထွန်းက သတိပေးထားကြောင်း သိရသည်။

# 7 Day Daily


Leave a Reply