အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့် မှု နောင် အလားတူ ထပ်မံမဖြစ်ရေး နိုင်ငံခြားရေး ၀န်ကြီးဌာန အသိပေးပြောကြားခဲ့ဟုဆို

အမေရိကန် သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့်မှုနှင့်ပတ်သက်ပြီး ထပ်မံမဖြစ်စေရေး အထူး သတိထား ပြီးရှောင်ရှားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးပြောကြားလိုက်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောင်စစ်ရေးနှင့် ဥပဒေရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးစိုး က ” ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်မဖြစ်ဖို့ နှစ်နိုင်ငံပူးပေါင်းပြီး ညှိနှိုင်းတယ်။ နောက် ဒီလို ဟာမျိုးမဖြစ်အောင် ရှောင်ရှားပေးပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးနဲ့ပြောကြဆိုကြတာတော့ ရှိတယ်ပေါ့။ နောက်ဒီလိုဟာမျိုးမဖြစ်အောင် အထူးသတိပြုပြီးတော့ နောက်ကိုဒါမျိုးမဖြစ်ပါစေနဲ့။ ဒီလိုမျိုးဖြစ်တာ မကောင်း ဘူး။ နှစ်နိုင်ငံဆက်ဆံရေးကောင်းနေချိန်မှာ ဒါမျိုးဟာ နားလည်မှု လွဲမှားနိုင်ပါတယ်။ အဲ့ဒါကြောင့် အထူး သတိ ထားပြီးကြီးကြပ်ပါ။ နောက်မဖြစ်အောင်ရှောင်ရှား ပါလို့ပြောထားတယ်” ဟု ဇူလိုင် ၂၅ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာ၏ မေးမြန်းမှုအား ပြောသည်။

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝင်းအတွင်း ဇူလိုင်လ ၂၄ရက် ည ၈နာ ရီခန့်တွင် မျက်ရည်ယိုဗုံးအား စမ်းသပ်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံရုံးအနီးလမ်းသွားလမ်းလာအချို့ မျက်လုံးများစပ်ခြင်း၊ မျက်ရည်ယိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အမေရိကန်သံရုံး၌ ပုံမှန်လုံခြုံရေးလေ့ကျင့်မှုတစ်ရပ်ပြုလုပ်စဉ် အမှုမဲ့ အမှတ်မဲ့ဖြစ်ကာ လမ်းသွားလမ်းလာများနှင့် သံရုံး အနီးပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများအတွက် ကသိ ကအောက်ဖြစ်၍ အဆင်မပြေမှုများဖြစ်စေခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိ ခြင်းမရှိသကဲ့သို့ သံရုံး၏လုပ်ငန်းများကိုလည်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့ဖြစ်ပွားရခြင်းအတွက် သံရုံးအနီး တစ်ဝိုက်တွင် ရောက်ရှိခဲ့ကြသူများအားလုံးကို တောင်းပန်ကြောင်း ဇူလိုင် (၂၅) ရက် နံနက်ပိုင်းက သတင်းထုတ် ပြန်ခဲ့သည်။

အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံးစမ်းသပ်မှုနှင့်ပတ် သက်ပြီး ကမာရွတ်မြို့နယ် ရဲစခန်းသို့ ကြိုတင် အကြောင်းကြားမှု တစ်စုံ တစ်ရာမရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက “လေ့ကျင့်ခန်းဆင်းရင်း စမ်းသပ်တယ် ဆိုလည်း သတင်းတော့ပို့ရမှာပေါ့ဗျာ။ အဲဒီလို လုပ်ခွင့်မရှိပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်တာ မရှိပေမယ့် သံတမန် နည်းလမ်းအရတော့ ဆက်လက် လုပ်ဆောင်သွားပါလိမ့်မယ်။ သံရုံးအတွင်းမှာတော့ ဒီလိုမျက်ရည်ယိုဗုံး စမ်းသပ်ခွင့်တော့ မရှိဘူး ပေါ့လေ။ လုပ်မယ်ဆိုရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားသင့်ပါတယ်” ဟု ဒီမိုကရေစီတူဒေးသတင်းစာသို့ ဇူလိုင် ၂၅ ရက်က ပြောသည်။

နိုင်ငံတကာရေးရာကျွမ်းကျင်သူတစ်ဦးက “ဘယ်နိုင်ငံပဲ ဖြစ်နေဖြစ်နေ အနည်းဆုံးတော့ အဲဒီနိုင်ငံက ဌာနတစ်ခုကို အသိပေးရတယ်။ Foreign Affairs မှ မဟုတ်၊ သံရုံးမှ မဟုတ်ဘူး။ ဒါက နိုင်ငံတိုင်းမှာ ချမှတ်ထားတဲ့ ဥပဒေတွေပဲ။ အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်သံရုံးနဲ့ပတ်သက်ပြီး သတိပေးတာတွေ လုပ်သင့်တယ်။ သံအမတ်ကိုခေါ်ပြီး သတိပေးတာမျိုးတို့ဘာတို့ လုပ်သင့်တယ်။ အရမ်းကာရောတော့ လုပ်လို့ မရဘူး။ သူတို့ရဲ့ဖြစ်စဉ်ကို သေချာမေးမြန်းစုံစမ်းပြီးမှလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သံတမန်အရေးကလည်း ရှိသေးတယ်။ ဒီလိုကိစ္စမျိုးကို ညင်ညင်သာသာနဲ့ ကိုင်တွယ်ဖို့လို တယ်” ဟု ပြောသည်။   ‪‎Democracytoday


Leave a Reply