မဘသအဖွဲ့ မရှိသင့်ဟု ပြောကြားချက်ကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်မည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဇူလိုင် (၃) ရက်တွင် စင်္ကာပူနိုင်ငံ၌ ပြုလုပ်သော စင်္ကာပူ နိုင်ငံရောက် မြန်မာများနှင့်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ ဘာသာရေးအဖွဲ့အစည်းများတွင် မဘသ (အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့) အနေဖြင့် မရှိသင့်ကြောင်းပြောကြားခဲ့မှုအပေါ် မဘသ (ဗဟို) အနေဖြင့် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်မည်ဟု မဘသ(ဗဟို)မှ ပြောရေးဆိုခွင့် ရှိသူ ဆရာတော်ဒေါက်တာတေဇနိယက မိန့်သည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ပြောကြားမှုတွင် မြန်မာနိုင်ငံတွင် သံဃမဟာနာယကအဖွဲ့ကို နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပေးပြီး ဖြစ်သောကြောင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှာ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

”ဆရာတော်တို့အနေနဲ့ ၀န်ကြီးချုပ် အခုလိုပြောတဲ့အပေါ် စိတ်မကောင်းဖြစ်တယ်။ မဟနဆိုတာက သံဃာတွေရဲ့ဝိနည်းနဲ့ပက်သက်တာတွေ ပညာရေးတွေ၊ သာသနာရေးလုပ်ငန်းတွေလုပ်ရတဲ့ အဖွဲ့ အစည်းပါ။ မဘသ ဆိုတာက အမျိုးဘာသာကို စောင့်ရှောက်ရတဲ့ အဖွဲ့အစည်းပါ။ ဒီနှစ်ဖွဲ့ဒွန်တွဲပြီး သွားရမဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့် ၀န်ကြီးချုပ်ရဲ့ ပြောကြားမှုကို လက်မခံကြောင်း ထုတ်ပြန်ချက် တစ်ခု ဒီရက်ပိုင်းမှာထုတ်ပြန်ဖို့စီစဉ်နေပါတယ်” ဟု မဘသ(ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဒေါက်တာတေဇနိယက မိန့်သည်။

အဆိုပါပြောကြားမှုနှင့် ပက်သက်၍ မဘသ(ဗဟို) မှ ဆရာတော်များအနေဖြင့် လက်မခံကြောင်း ထုတ်ပြန်ချက်အတွက် အစည်းအဝေးများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းအစည်းအဝေးမှ အခြားကန့်ကွက်မှုများကိုလည်း ပြုလုပ်ရန် ဆုံးဖြတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်(၃) ရက်တွင် ပြုလုပ်ခဲ့သော စင်္ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့တွေ့ဆုံပွဲတွင် ယခင်အစိုးရလက်ထက်က ပြဌာန်းခဲ့သော မျိုးစောင့်ဥပဒေပါ အချို့ အချက်အလက်များမှာ လူအခွင့်အရေး၊ မြန်မာထုံးတမ်းစဉ်လာများနှင့် ကိုက်ညီမှုမရှိသောကြောင့် ယခုလွှတ်တော်အသစ်တွင် ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‪‎CentralNewsMyanmar


Leave a Reply