Upton Parkကွင်းရဲ့ နောက်ဆုံးပွဲမှာ မန်ချက်စတာယူနိုက်တက် ရှုံးနိမ့်ခဲ့

13133098_1025190457536839_4210593379238071254_n

၁၁၂နှစ်ကြာကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Upton Park ကွင်းရဲ့ နောက်ဆုံးပွဲမှာ အိမ်ရှင် ၀က်စ်ဟမ်းက ချန်ပီယံလိဂ်ဝင်ခွင့်ကြိုးစားနေတဲ့ မန်ချက်စတာယူ နို်က်တက်ကို အနိုင်ရသွားခဲ့ပါတယ်။ ဘီလစ်ရဲ့ ၀က်စ်ဟမ်းမှာ အန်ဒီကားရိုးလ်၊ ဆာခို၊ နိုဘယ်လ်၊ ပါယတ်၊ လန်ဇီနီတို့နဲ့ လူစုံပါဝင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လည်း ရူနီ၊ မာတာ၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ စမောလင်းတို့နဲ့လူစုံပါဝင်ခဲ့ကြပါတယ်။

အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ ၀က်စ်ဟမ်းပရိသတ်တွေဟာ ပွဲချိန်တစ်လျောက် သူတို့အသင်း အကောင်းဆုံး အားပေးခဲ့ကြပါတယ်။ ပွဲစကတည်းက ၀က်စ်ဟမ်းက လျင်လျင်မြန်မြန်နဲ့ပဲ တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ၀က်စ်ဟမ်းရဲ့ တိုက်စစ်ကို မန်ချက်စတာယူနိုက်တက်ခံ စစ်က ဂိုးမပေးရအောင် ကြိုးစားကစားခဲ့ရပါတယ်။ ၁၀မိနစ်မှာ ဘယ်တောင်ပံက တိုက်စစ်ဆင်လာတဲ့ ၀က်စ်ဟမ်းအတွက် လန်ဇီနီပေးတာက ဧရိယာထဲမှာအသင့်ရှိနေတဲ့ ဆာခိုက မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒါးဗစ်ဒဟဲရားရဲ့ ညာဖက်ထောင့်ထဲကိုကန်သွင်းခဲ့ပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ဆက်တိုက်ပဲ ၀က်စ်ဟမ်းကဖိကစားထားပြီး အန်ဒီကာရိုးလ်နဲ့ ပါယတ်တို့အပိုင်အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးနဲ့သာပြီးခဲ့ ပါတယ်။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက် ကစားပုံ ပြန်ကောင်းလာခဲ့လို့ ဂိုးသွင်းခွင့် တွေရခဲ့ပါတယ်။ ၅၁မိနစ်နဲ့ ၇၂မိနစ်တွေမှာ အန်တိုနီမာရှယ်လ်က နှစ်ဂိုးသွင်းပြီး မန်ချက် စတာယူနိုက်တက်ကို ဦးဆောင်စေခဲ့ပါတယ်။

ဒါပေမယ့် ၀က်စ်ဟမ်းက သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ Set-Pieces တွေကနေပဲ နှစ်ဂိုးဆက်သွင်းခဲ့ပါတယ်။ ၇၆မိနစ်မှာ အန်တိုနီယိုနဲ့ ၈၁မိနစ်မှာ ၀င်စတန်ရိုဒ့်တို့က ခေါင်းတိုက်ပြီးဂိုးတွေသွင်းခဲ့ကြလို့ အိမ်ရှင်ဝက်စ်ဟမ်း ၃ဂိုး-၂ဂိုးနဲ့နိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်မီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကားကို ၀က်စ်ဟမ်းပရိသတ်တွေက တိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ပွဲကစားချိန်နောက်ကျခဲ့ရပါတယ်။

ဒီပွဲ အရှုံးရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရရဖို့ အခွင့် အရေးတော်ကို နည်းသွားခဲ့ ပါတယ်။ နောက်ဆုံးပွဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ဘွန်း မောက်ကို အိမ်ကွင်းမှာကစားရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ဆွမ်ဆီးနဲ့ ကစားရမှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက နောက်ဆုံးပွဲမှာ သရေကစားရုံနဲ့ချန်ပီယံ လိဂ်ဝင်မှာဖြစ်လို့ မန်ချက်စတာယူနိုက်တက်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်ဖို့ များသွားပြီဖြစ်ပါတယ်။    (BBC Burmese)


Leave a Reply