ယူကရိန္းက အေမရိကန္ လက္နက္မ်ား အသုံးျပဳ၍ ႐ုရွားကို တိုက္ခိုက္

မၾကာေသးမီက ယူကရိန္းတို႔သည္ ႐ုရွားပိုင္နက္ကို တိုက္ခိုက္ရန္ အေမရိကန္လက္နက္မ်ားကို အသုံးျပဳခဲ့ေၾကာင္း အေမရိကန္ အထက္လႊတ္ေတာ္အမတ္ႏွင့္ အေနာက္တိုင္း အရာရွိတစ္ဦးကို ကိုးကား၍ ေအပီသတင္းေအဂ်င္စီကေရးသားေဖာ္ျပထားသည္။
သို႔ရာတြင္ မည္သည့္လက္နက္မ်ားကို အသုံးျပဳကာ မည္သို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းကိုမူ ေဖာ္ျပထားျခင္း မရွိေပ။
႐ုရွားပိုင္နက္ကို တိုက္ခိုက္ရန္အတြက္ အေမရိကန္လက္နက္မ်ား အသုံးျပဳရန္ ယူကရိန္းကို သမၼတဘိုင္ဒင္က ခြင့္ျပဳထားေၾကာင္း အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္းကင္က ေမ ၃၁ ရက္တြင္ အတည္ျပဳခဲ့သည္။ သူ႔အဆိုအရမူ ၎လက္နက္မ်ားအား ခါေကာ့ေဒသႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ ႐ုရွားေဒသမ်ားကို တိုက္ခိုက္ရန္သာ အသုံးျပဳနိုင္သည္ဆိုေသာ္လည္းေနာက္ပိုင္းတြင္ နယ္နိမိတ္ အပိုင္းအျခားကို ခ်ဲ႕ထြင္ရန္ ျဖစ္နိုင္ေျခကိမူ ဘလင္းကင္က မျငင္းဆန္ခဲ့ပါ။
ထိုေန႔တြင္ပင္ ဂ်ာမန္အစိုးရ ဝန္ႀကီးမ်ားကလည္း ခါေကာ့ေဒသအား ႐ုရွားတိုက္ခိုက္မႈမွ ကာကြယ္ရန္အတြက္ ဂ်ာမန္လက္နက္မ်ားကို အသုံးျပဳနိုင္ေၾကာင္း ေၾကညာခဲ့သည္။ လက္ရွိအခ်ိန္တြင္ ယူကရိန္းသို႔ လက္နက္မ်ား ေထာက္ပံ့မႈအေပၚ ကန႔္သတ္တားျမစ္မႈမ်ားႏွင့္ပတ္သက္၍ အေနာက္နိုင္ငံမ်ားတြင္ ညီညာေသာ သတ္မွတ္ခ်က္မရွိေပ။
ယူကရိန္းထံ ေပးပို႔ေသာ တာေဝးပစ္လက္နက္အားလုံးကို ေနတိုးစစ္သည္မ်ားက တိုက္ရိုက္ထိန္းခ်ဳပ္ထားၿပီးျဖစ္ေၾကာင္း ႐ုရွားလုံျခဳံေရးေကာင္စီ ဒုတိယဥကၠ႒ ဒီမီထရီ မက္ဗီဒက္က ေမ ၃၁ ရက္တြင္ ေျပာၾကားခဲ့သည္။

=========

ယူကရိန်းက အမေရိကန် လက်နက်များ အသုံးပြု၍ ရုရှားကို တိုက်ခိုက်

မကြာသေးမီက ယူကရိန်းတို့သည် ရုရှားပိုင်နက်ကို တိုက်ခိုက်ရန် အမေရိကန်လက်နက်များကို အသုံးပြုခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အနောက်တိုင်း အရာရှိတစ်ဦးကို ကိုးကား၍ အေပီသတင်းအေဂျင်စီကရေးသားဖော်ပြထားသည်။
သို့ရာတွင် မည်သည့်လက်နက်များကို အသုံးပြုကာ မည်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။
ရုရှားပိုင်နက်ကို တိုက်ခိုက်ရန်အတွက် အမေရိကန်လက်နက်များ အသုံးပြုရန် ယူကရိန်းကို သမ္မတဘိုင်ဒင်က ခွင့်ပြုထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က မေ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။ သူ့အဆိုအရမူ ၎င်းလက်နက်များအား ခါကော့ဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရုရှားဒေသများကို တိုက်ခိုက်ရန်သာ အသုံးပြုနိုင်သည်ဆိုသော်လည်းနောက်ပိုင်းတွင် နယ်နိမိတ် အပိုင်းအခြားကို ချဲ့ထွင်ရန် ဖြစ်နိုင်ခြေကိမူ ဘလင်းကင်က မငြင်းဆန်ခဲ့ပါ။
ထိုနေ့တွင်ပင် ဂျာမန်အစိုးရ ဝန်ကြီးများကလည်း ခါကော့ဒေသအား ရုရှားတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ဂျာမန်လက်နက်များကို အသုံးပြုနိုင်ကြောင်း ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် ယူကရိန်းသို့ လက်နက်များ ထောက်ပံ့မှုအပေါ် ကန့်သတ်တားမြစ်မှုများနှင့်ပတ်သက်၍ အနောက်နိုင်ငံများတွင် ညီညာသော သတ်မှတ်ချက်မရှိပေ။
ယူကရိန်းထံ ပေးပို့သော တာဝေးပစ်လက်နက်အားလုံးကို နေတိုးစစ်သည်များက တိုက်ရိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။