လူ ၃ ယောက်ရဲ့ DNA ကို ပေါင်းစပ်ကာ မွေးဖွားထားတဲ့ ကလေး

ဗြိတိန်ရဲ့ ကျန်းမာရေး အာဏာပိုင်တွေက လူ ၃ ယောက်ရဲ့ DNA ကို ပေါင်းစပ်ကာ ဗြိတိန်မှာ ပထမဆုံး အနေနဲ့ ကလေးတွေ မွေးဖွားလိုက်တယ်လို့ အတည်ပြုလိုက်ပါတယ်။ မိဘဆီက ရှားပါးတဲ့ မျိုးရိုးဗီဇ ရောဂါတွေ ကလေးတွေကို မကူးစက်စေဖို့ ဒီလို ပြုလုပ်ကြတာပါ။
ဗြိတိန်မှာ အဲဒီနည်းနဲ့ မွေးဖွားထားတဲ့ ကလေး ၅ ယောက် ရှိတယ်လို့ ဗြိတိန် ကျန်းမာရေး အာဏာပိုင်က ပြောပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ သတင်းအချက်အလက်တွေကိုတော့ လျှို့ဝှက်ထားပါတယ်။
မှားယွင်းတဲ့ Mitochondria ပါတဲ့ မိခင် ကနေ ကလေးထံကို မကူးစက်အောင် ကာကွယ်တဲ့ ဥပဒေကို ဗြိတိန်မှာ ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပါတယ်။ လူ ၃ ယောက်ရဲ့ DNA ကို ပေါင်းစပ်ကာ မွေးဖွားထားတဲ့ ကမ္ဘာ့ ပထမဆုံး ကလေးကို အမေရိကန်မှာ ၂၀၁၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။
မှားယွင်းတဲ့ Mitochondria ပါတဲ့ မိခင်တွေကနေ ကလေးကို ကူးစက်ရင် ကလေးမှာ ကြွက်သား၊ အာရုံကြော၊ နှလုံးနဲ့ ဦးနှောက် ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဗြိတိန်မှ ကလေး ၂၀၀ မှာ ၁ ယောက်ဟာ အဲဒီ မှားယွင်းတဲ့ Mitochondria နဲ့ မွေးဖွားနေကြပါတယ်။
Ref : khaosodenglish / DigitalTimes