Hyundai က လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ စက်ရုပ်ကို ပြသ

                                                                          

Hyundai က အတိုကောက် ACR လို့ ခေါ်တဲ့ လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ စက်ရုပ်ကို ပြသလိုက်ပါတယ်။ ကုမ္ပဏီက ACR ဟာ ပတ်ဝန်းကျင် မျိုးစုံ၊ ရာသီဥတု မျိုးစုံမှာ အလုပ်လုပ်နိုင်ပြီး လျှပ်စစ်ကားတွေ အားသွင်းရတာ ပိုမိုလွယ်ကူစေသလို ယာဉ်မောင်းတွေအတွက် အသုံးဝင်စေတယ်လို့ ပြောပါတယ်။

စက်ရုပ်ဟာ တွန်းလှည်း ပုံသဏ္ဍာန် ဖြစ်ပြီး လက်တစ်ဖက် ပါပါတယ်။ Hyundai က ACR ရဲ့ အလုပ်လုပ်ပုံကို ဗီဒီယို ၁ ခုနဲ့ ပြသထားပါတယ်။ ဗီဒီယိုမှာ ယာဉ်မောင်းဟာ ကား အလိုအလျှောက် ပါကင်ထိုးတဲ့ စနစ်ကို အသုံးပြုလိုက်ပါတယ်။ ကားဟာ ပါကင်မှာ ရပ်ပြီးတာနဲ့ ACR က အလုပ်စလုပ်ပါတယ်။ စက်ရုပ်က ကားနဲ့ ဆက်သွယ်ပြီး Charging Port ကို ဖွင့်လိုက်ပါတယ်။ အဲဒီနောက်မှာ Charging Cable ကို Charging Port မှာ တပ်ဆင်လိုက်ပါတယ်။

ACR က ပတ်ဝန်းကျင်ကို စောင့်ကြည့်နေပြီး လူတွေ ကားနဲ့ Charging Cable အနားကပ်လာရင် သတိပေးပါတယ်။ အားသွင်းပြီးတာနဲ့ စက်ရုပ်က Cable ကို ဖြုတ်လိုက်ပြီး ယာဉ်မောင်းထံ Notification ပို့ပေးပါတယ်။

ACR ဟာ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ ယာဉ်မောင်းတွေအတွက် အသုံးဝင်သလို Charger ၁ ခုထဲ ရှိတဲ့ ကားပါကင်တွေအတွက်လည်း အဆင်ပြေစေပါတယ်။ စက်ရုပ်က ကားတစ်စီးပြီး တစ်စီး အလိုအလျှောက် အားသွင်းပေးမှာပါ။

Hyundai က ACR ကို 2023 Seoul Mobility Show မှာ နောက်တစ်ပတ် ပြသမှာပါ။ Tesla ကလည်း ၂၀၁၅ ခုနှစ်မှာ လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ စက်ရုပ်လက်တံကို ပြသခဲ့ပေမယ့် နမူနာမော်ဒယ်အဆင့်ကနေ မတက်လာခဲ့ပါဘူး။ Elon Musk က မြွေ ပုံသဏ္ဍာန် စက်ရုပ်ကို တီထွင်မယ်လို့ ၂၀၂၀ ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။

ACR ရဲ့ အလုပ်လုပ်ပုံ ဗီဒီယိုကို အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=wjKbx0LFwow…

Ref : arenaev