ဒလတံတားစီမံကိန်းဧရိယာအတွင်း သံမဏိယက်မများတပ်ဆင်နိုင်ရန် ကမ်းနားလမ်းသစ်အား ခြောက်ရက်ကြာ ပိတ်မည်

မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်း သံမဏိယက်မများ တပ်ဆင်ရမည်ဖြစ်သောကြောင့် ကမ်းနားလမ်းသစ်၊ ပန်းဆိုးတန်းလမ်းထိပ်နှင့် အလုံမြို့နယ်၊ စံပယ်လမ်းထိပ်ကြား အပိုင်းများကို ခြောက်ရက်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးကြေညာ ထားသည်။

ယခု မတ်လ ၁၈ ရက်၊ ၁၉ ရက်၊ ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တံတားဆင်ခြေလျှောများဖြစ်သည့် Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကိုဖြတ်သန်းကာ သံမဏိယက်မများ တပ်ဆင် ရမည်ဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်နေချိန်တွင် အများပြည်သူဘေးကင်းလုံခြုံရေးအတွက် အဆိုပါလမ်းများအား ယာယီပိတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းရက်များမှာ ရုံးပိတ်ရက်များဖြစ်ပြီး ဆိပ်ကမ်းတံတားများသို့ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်တင် ယာဉ်များ အနေဖြင့် ကမ်းနားလမ်းဟောင်းအားအသုံးပြု၍ ဝင်ထွက်သွားလာကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးကြေညာထားသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားသည် ကိုရီးယာသမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး အရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား တစ်စင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။