စီရော်နယ်လ်ဒိုကို ပွဲတိုင်းကစားခိုင်းရန် မည်သည့်ဖိအားမျှမရှိခဲ့ဟု မိုက်ဖီလန် ပြောကြား

မန်ချက်စတာယူနိုက်တက်အသင်း၏ လက်ထောက်နည်းပြဟောင်းဖြစ်သူ မိုက်ဖီလန်က မန်ယူအသင်းကို ဆိုးလ်ရှားကိုင်တွယ်စဉ်က စီရော်နယ်လ်ဒိုကို ပွဲစဉ်တိုင်းကစားခိုင်းရန်အတွက် မည်သည့်ဖိအားမျှမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဲရစ်တန်ဟက်ဂ် လက်ထက်တွင် စီရော်နယ်လ်ဒိုသည် ပုံမှန်ကစားခွင့်မရဖြစ်နေပြီး ယင်းမှာ ကစားသမား၏ အသက်အရွယ်အပေါ်  အခြေခံစဉ်းစားခြင်းကြောင့်ဆိုသည့် သုံးသပ်မှုများရှိသော်လည်း မိုက်ဖီလန်က စီရော်နယ်လ်ဒို သည် ပွဲတိုင်းကစားရန် လုံလောက်သည့် ကြံ့ခိုင်မှုရှိသည်ဟု ဆိုခဲ့သည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲစလုံးတွင် ကစားခဲ့သူလည်းဖြစ်သည်။  အသက် (၃၇)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် တန်ဟက်ဂ် လက်ထက်တွင် မန်ယူအသင်း၌ ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၂) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်သေးသည်။