ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများမှ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား အထောက်ကူပြု ပစ္စည်းများ လှူဒါန်း

 

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားလှယ်လောင်းများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့တွင် ရပ်ကွက်နေ ပြည်သူများနှင့် ရပ်ကွက်တာဝန်ရှိ သူရပ်မိရပ်ဖများ၏ တောင်းဆိုမှုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာကွယ်တားစီးနိုင်စေရေးအတွက် အမှတ် (၅၄,၅၅,၁ဝ၅, ၁ဝ၇,) ရပ်ကွက်များသို့ ပိုးသတ်ဆေး (virus killer) ဆေးရည်များ သွားရောက်၍ ပက်ဖြန်းပေးခဲ့သည်။

အမှတ် (၅၅) ရပ်ကွက်အတွင်းမှ ပရဟိတလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော’ ယုယ’ (အခမဲ့ကျန်းမာရေး စောင့်ရှောက်ရေး) အဖွဲ့သို့ ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer) များနှင့် နှာခေါင်းစည်း (Mask) များကို လှူဒါန်းပေးခဲ့ပြီး ရပ်ကွက်အတွင်းမှ ရောဂါပိုးတွေ့ရှိ၍ (Lock Down) ချထားသော နေအိမ်များမှ မိသားစု ဝင်များကို သွားရောက်တွေ့ဆုံ နှစ်သိမ့်အားပေးစကားများ ပြောကြားပေးခဲ့ပြီး စားဝတ်နေရေး အဆင်ပြေနိုင်စေရန် အတွက် ဆန်၊ဆီနှင့် စားသောက်ကုန်ခြောက် ပစ္စည်းများကို တတ်စွမ်းနိုင်သ၍ လှူဒါန်းထောက်ပံ့ပေး ခဲ့ပါသည်။

အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော် မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ လူငယ်ထုအဖွဲ့ ဝင်များမှ ဝိုင်းဝန်း၍  ဆောင်ရွက်ကြသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)