ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ရပ်မိရပ်ဖများ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

ထားဝယ် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင် လိုက်ပါ၍ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ရေးလမ်းဘေးတွင် နေထိုင်သော ဦးကျော်မြင့်အိမ်၌ ရပ်မိ ရပ်ဖများ၊ ပါတီကော်မတီဝင်များ၊ ပါတီကိုစိတ်ပါဝင်စားသူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ ရာတွင် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးသန်းအောင်၊ ထားဝယ် မြို့နယ်ပြည်ခိုငိဖြိုးပါတီဥက္ကဋ္ဌ ဦးယုနိုင်တို့က အမှာစကားပြောရာ၌ ထားဝယ်မြို့နယ်အတွင်း ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုထည့်သွင်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှေ့ဆက်ဆောင် ရွက်ကြရမည့် ပါတီ၏ လုပ်ငန်းစဉ်များ၊ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ပါတီ၏ မူဝါဒများကို ရပ်ကွက် ကျေးရွာများသို့ ကွင်းဆင်းကာ ပါတီဝင်များ၊ ဒေသခံပြည်သူများကို ရှင်းရှင်းလင်းလင်းသိရှိပြီး လွယ်ကူစွာနားလည် သဘောပေါက်နိုင်စေရန် လက်ဆင့်ကမ်းရှင်းလင်း ပြောကြားပေးရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြား၍ လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာကြားပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်း အောင်၊ အတွင်းရေးမှူး ဦးနေမျိုး၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မြမြစိမ်းနှင့် ပါတီကော်မတီဝင်များ၊ ထားဝယ် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်းနှင့် ပါတီကော်မတီဝင်များ၊ ဝဲကျွန်း ထိန်သစ်၊ ဝဲကျွန်းထိန်လယ်၊ ထိန်ဟောင်း၊ ဆင်ဆိပ်၊ အိမ်ရှေ့ပြင် ရပ်များမှ ရပ်မိရပ်ဖများ၊ ပါတီကော်မတီဝင်များ၊ ပါတီဝန်းရံသူများ၊ ပါတီစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  ဖြူမျိုး(တနင်္သာရီ)