ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ဘားအံမြို့နယ်ရှိ ​ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့ သွားရောက်၍ ​ထောက်​ပံ့​ရေးပစ္စည်းများ လှူဒါန်းပေးအပ်

 

သြဂုတ်​ ၂၃

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်​အဖွဲ့သည်​ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည် ၁၂နာရီတွင် ဘားအံမြို့နယ်ရှိ ရေလွှမ်းမိုးခြင်းခံရသည့် ကျုံဖဲကျေးရွာသို့သွားရောက်ကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်။

ပထမဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကျုံဖဲကျေးရွာ ရွှေကျင်သရက်တောကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဖောတိကဓဇ ဘဒ္ဒန္တယသ ဆရာ​တော်​ဘုရားအားဖူး​မျှော်​ကြည်​ညိုကာ လှူဖွယ်​ဝတ္တုများ ဆက်​ကပ်​လှူဒါန်းခဲ့သည်​။

၎င်းနောက် ကျောင်းတိုက်ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ လှူဒါန်းပစ္စည်းများပေးအပ်ခဲ့ပြီး ကျုံဖဲကျေးရွာ ရေဘေးသင့်ပြည်သူများကိုယ်စား ရပ်မိရပ်ဖနှစ်ဦးမှ ရေဘေးခံစားရသည့်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ယခုကဲ့သို့ရေဘေးသင့်နေသည့် ပြည်သူများအား မိမိတို့ပါတီဘက်မှ လာရောက်ပြီး ကူညီပံ့ပိုးရသည့်အခြေအနေများအာ ဆွေးနွေးပြောကြားရာတွင် “မိမိအနေဖြင့် မိမိတို့ပါတီဝင်များအား သဘာဝဘေးနှင့်ကြုံတွေ့လာခဲ့ပါက ပါတီအဆင့်ဆင့်၏ညွှန်ကြားချက်များအား စောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တပြေးညီ တတ်နိုင်သည့်ဘက်မှ သွားရောက်ကူညီပေးရန် “မှာကြားထားပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ကရင်ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်၊ ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြဦး၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကိုနှင့် ပြည်နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။