ကြိုးမဲ့နားကြပ်တွေရဲ့ ဘက်ထရီသက်တမ်းကို သုံးဆမြှင့်တင်နိုင်မယ့် QUALCOMM ချစ်ပ်အသစ်

 

ကြိုးမဲ့ headphone တွေမှာ စိတ်ညစ်ညူးစရာ အဓိကပြဿနာနှစ်ခုရှိပါတယ်။ အဲ့ဒါတွေက ဆူညံသံ တော်တော်များများ ဖြစ်ပေါ်စေတာနဲ့ ဘက်ထရီသက်တမ်း တာရှည်မခံတာ ဖြစ်ပါတယ်း။ Qualcomm အနေနဲ့ အဲဒီပြဿနာကို ချစ်ပ်အသစ်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

“ဒါဟာ နားကြပ်ထုတ်ကုန်အမျိုးအစားအတွက် အဆင့်မြှင့်တင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်”လို့ Qualcomm ရဲ့ Voice and Music လုပ်ငန်းယူနစ်က အကြီးတန်းဒုဥက္ကဋ္ဌနဲ့ အထွေထွေ မန်နေဂျာဖြစ်သူ အန်တိုနီမာရေးက ပြောခဲ့ပါတယ်။

QCC5100 Low Power Bluetooth SoC ဟာ စွမ်းအင်သုံးစွဲမှုကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ မာရေးက ပြောခဲ့ပါတယ်။ ဒါကြောင့် အရင် SoC မျိုးဆက် အသုံးပြုထားတဲ့ နားကြပ်တွေနဲ့ နှိုင်းယှဉ်ရင် ဘက်ထရီသက်တမ်းက သုံးဆ မြင့်မားလာမှာ ဖြစ်ပါတယ်။

Qcc5100 မှာ transmit power သိသိသာသာ ပိုကောင်းလာပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့ မြေအောက် ရထား ဒါမှမဟုတ် လူထူထပ်တဲ့ လေဆိပ်တစ်လျှောက် နားကြပ်နဲ့ သီချင်းနားထောင်တဲ့အခါ ပြတ်တောက်မှု အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။ အဲဒီချစ်ပ်ဟာ ၂၀၁၆ ခုနှစ်အတွင်း မိတ်ဆက်ခဲ့တဲ့ Bluetooth 5 ကို အထောက်အပံ့ပေးပါတယ်။ Bluetooth 5 ဟာပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Samsung Galaxy S8 နဲ့ Apple iPhone X တို့လို ထုတ်ကုန်တွေမှာ စတင် ပါဝင်လာပါတယ်။

Qualcomm ရဲ့ချစ်ပ်အသစ်ဟာ ဆူညံသံကို ပိုမိုလျှော့ချပေးနိုင်သလို အသံပိုင်းဆိုင်ရာကိုလည်း ပိုမိုကောင်းမွန် အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် သုံးစွဲသူက နားကြပ်နဲ့ သီချင်းနားထောင်နေတုန်းမှာ ရထားပေါ်က ကြေညာချက်တွေကို ကြားရအောင် အသံကိုလျှော့ပေးမယ့် အပြောင်းအလဲအချို့ ပြုလုပ်ပေးနိုင် ပါတယ်။ နားကြပ်ထုတ်လုပ်သူတွေက QCC5100 ကိုအသုံးပြုနေတယ်လို့ ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် နာမည်ကျော် ကုမ္ပဏီတော်တော်များများနဲ့ တွဲဖက်လုပ်ကိုင်နေတယ်လို့ Qualcomm ကပြောကြားခဲ့ပါတယ်။

စိုးထက်

Ref: Gizmodo