ပေါက်ကြားခဲ့တဲ့ Password တွေထဲမှာ ကိုယ့်အကောင့် ပါ မပါ စစ်ဆေး ကာကွယ်နိုင်မယ့် နည်းလမ်းများ

mail နဲ့ password အရေအတွက် သန်း ၅၆၀ ခန့်ပါဝင်တဲ့ database ကို လုံခြုံရေးသုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ တဲ့အတွက် အဆိုပါ database တွေထဲမှာ ကိုယ့်အကောင့် ပါ မပါ စစ်ဆေးသင့် ပါတယ်။ တကယ်လို့ ကိုယ့် account တွေနဲ့ password တွေဟာ ပေါက်ကြားခဲ့တဲ့ စာရင်းထဲမှာ ပါဝင်မှု ရှိ၊ မရှိ ဆိုတာကိုသိချင်ရင် ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးကာကွယ်နိုင်ပါတယ်။

Password တွေကို ပိုမိုလုံခြုံအောင်လုပ်ပါ

ကိုယ့်ရဲ့ password ဟာ လုံခြုံရေးအားကောင်းနေရင်တောင်မှ ဟက်ကာတွေရဲ့ ခိုးယူမှုခံခဲ့ရတယ်ဆိုရင် အဲ့ဒီ password တွေကို အသုံးပြုနေသမျှ ကိုယ့်ရဲ့ အချက်အလက်တွေဟာ လုံခြုံစိတ်ချရမှု မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ password တွေ လုံခြုံမှုရှိဖို့အတွက် password manager လို ဆော့ဖ်ဝဲတွေကို သုံးစွဲသင့် ပါတယ်။

ပေါက်ကြားခဲ့တဲ့စာရင်းမှာ ပါ မပါ စစ်ပါ

ပေါက်ကြားခဲ့တဲ့ email နဲ့ password ပေါင်း သန်း ၅၆၀ ထဲမှာ ကိုယ့်အကောင့် ပါ မပါ စစ်ဆေးဖို့အတွက် Have I Been Pwned ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ email လိပ်စာကို ထည့်သွင်းပြီး စစ်ဆေးနိုင်ပါတယ်။ Pwned လို့ဖော်ပြတဲ့ အကောင့်တွေဆိုရင် ပေါက်ကြားမှုထဲမှာ ပါဝင်နေမှာဖြစ်ပြီး တကယ်လို့ ကိုယ့် email ဟာ လုံခြုံမှုမရှိတော့တဲ့ အခြေအနေမျိုးဆိုရင် အကြောင်းကြားဖို့အတွက် Notify me when I get pwned ဆိုတာကို နှိပ်ပြီး email address ကိုထည့်သွင်းထားနိုင်ပါတယ်။

Two-step Verification ကို Enable လုပ်ထားပါ

ကိုယ့်ရဲ့ account ကို ပိုမိုလုံခြုံစိတ်ချစွာ သုံးစွဲဖို့အတွက်ဆိုရင် two-step verification ကို enable လုပ်ထား သင့် ပါတယ်။ ဒီ feature ကို အသုံးပြုခြင်းကြောင့် ကိုယ့် account ရဲ့ password ကို ဟက်ကာတွေက သိနေရင်တောင် ကိုယ့်ဖုန်းက ဟက်ကာဆီမှာ ရှိမနေတဲ့အတွက် လုံခြုံစိတ်ချပါသေးတယ်။

Account အဟောင်းတွေကိုဖျက်ပစ်ပါ

ကိုယ်အသုံးမပြုတော့တဲ့ account အဟောင်းတွေကို ဖျက်ပစ်သင့်ပါတယ်။ Account အဟောင်းဆိုတာမျိုးက ဥပမာ သင်ဟာ အရင်က နာမည်ကျော်ကြားခဲ့တဲ့ AOL မှာ account လုပ်ထားတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အသုံးမပြု ဖြစ်တော့ဘူးဆိုရင် ဒီလိုဝက်ဘ်ဆိုက်တွေကနေ အကောင့်တွေကို ဖျက်ပစ်သင့်ပါတယ်။ ကိုယ့် email နဲ့ ဘယ်နေရာ တွေမှာ account တွေဝင်ခဲ့တယ်ဆိုတာ မမှတ်မိတော့တာဘဲဖြစ်ဖြစ် account တွေကို တစ်နေရာတည်းကနေ အလွယ်တကူနဲ့ ဖျက်ထုတ်ချင်တာပဲဖြစ်ဖြစ် JustDelete.me ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သုံးစွဲသင့်ပါတယ်။

# Internet Journal