IAEA ရဲ့ စောင့်ကြည့်ရေးကင်မရာများကို အီရန်ဖြုတ်သိမ်း

ယူရေနီယံအသုံးပြုမှုတွေနဲ့ နျူကလီးယားစမ်းသပ်မှုတွေကို အီရန်နိုင်ငံတွင်းမှာ  မူမမှန်တဲ့အနေအထားနဲ့ တွေ့မြင်နေရကြောင်း နိုင်ငံတကာအဏုမြူအေဂျင်စီ IAEA က ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် အီရန်အစိုးရဟာ IAEA က တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာတွေကို ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အီရန်နိုင်ငံအတွင်း သတ်မှတ်ကြေညာထားခြင်းမရှိတဲ့နေရာတွေမှာ ယူရေနီယံအသုံးပြုမှု ရှိနေကြောင်း၊ အီရန်အာဏာပိုင်တွေအနေနဲ့ မူလသဘောထားတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း IAEA ဘက်က အပြစ်တင်ခဲ့ပါတယ်။

အဆိုပါပြစ်တင်ဝေဖန်ချက်ကို IAEA အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီရန်ရဲ့လုပ်ရပ်ဟာ စိတ်ပျက်ဖွယ်ရာဖြစ်ပြီး ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ အဟန့်အတား ဖြစ်လာကြောင်း ကြေညာခဲ့ပါတယ်။

 

-Ref : France24