ပုပ္ပားဒေသကို ယူနက်စကို၏ Geopark အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်

သစ်တောများ ပြုန်းတီးခြင်းကြောင့် သဘာဝ စိမ့်စမ်းရေထွက်များ လျော့နည်းလာနေသည့် ပုပ္ပားဒေသကို သဘာဝ ကျောက်ဖြစ်ရုပ်ကြွင်းများပေါ် အခြေပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ယူနက်စကို၏ Geopark နယ်မြေအဖြစ် အတည်ပြု သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယူနက်စကို မြန်မာနှင့် ပုပ္ပား တောင်ချစ်သူများ အသင်းထံမှ သိရသည်။

အဆိုပါနယ်မြေတွင် ရှေးကာလ၏ တောရိုင်းတိရစ္ဆာန်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ အင်ကြင်း ကျောက်ရုပ် ကြွင်းများနှင့် ထန်းသား ကျောက်ဖြစ်ရုပ်ကြွင်းများ တည်ရှိနေပြီး လေ့လာတူးဖော် ထိန်းသိမ်းမှုများ ဆောင်ရွက် နေကြောင်း၊ ယူနက်စကို၏ Geopark မြေကမ္ဘာဥယျာဉ်အဖြစ် အသိအမှတ်ပြုခံရပါက ဒေသတွင်း ခရီးသွား ဖွံ့ဖြိုးလာပြီး ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင်ပါ ဝင်ငွေတိုးလာနိုင်ကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ ဦးမင်းဆန်က သုံးသပ် ပြောဆိုသည်။

“သတ်မှတ်ခံရမယ်ဆိုရင် ပုပ္ပားဒေသက မြန်မာနိုင်ငံမှာ ပထမဆုံး Geopark ဖြစ်လာမယ်”ဟု ၎င်းကဆိုသည်။

ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၈၁ ပေအမြင့်ရှိသည့် ပုပ္ပားတောင်ပေါ်တွင်လည်း သစ်မျိုးပေါင်း ၃၀ဝ၊ ပရဆေးပင် ၁၄၅ မျိုး၊ သစ်ခွ ၅၂ မျိုး၊ နို့တိုက်သတ္တဝါ ၁၅ မျိုး၊ ငှက်မျိုးစိတ်ပေါင်း ၁၃၀ ကျော်နှင့် လိပ်ပြာ မျိုးစိတ်များအပြင် ရှားပါးမျောက်မျိုးစိတ်များလည်း ကျက်စားနေထိုင်လျက်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေး ပညာရှင်များက ပြောဆိုသည်။

ယခုအတည်ပြု သတ်မှတ်နိုင်ရန် အဆိုပြုလွှာ တင်သွင်းမည့် ပုပ္ပားဒေသ (Geopark) နယ်မြေတွင် ကျေးရွာပေါင်း ၂၀ဝ ကျော် ပါဝင်နေပြီး အဆိုပြုလွှာကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် တင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပုပ္ပားတောင်ချစ်သူများ အသင်းထံမှ သိရသည်။

Geopark ဆိုသည်မှာ သဘာဝဘူမိပြတိုက်ဟု ခေါ်ဝေါ်နိုင်ပြီး သဘာဝအရင်းအမြစ်နှင့် ကျောရိုးရှိ၊ ကျောရိုးမဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကို ထိန်းသိမ်းပြသရန် ရည်ရွယ်ကာ ယူနက်စကိုက ၁၉၉၈ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်း မြေကမ္ဘာဥယျာဉ် (Geopark) များသည် နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် တစ်ရာကျော်ရှိပြီး အရှေ့ တောင် အာရှဒေသတွင် မြေကမ္ဘာဥယျာဉ် Geopark သုံးခုသာရှိသေးကြောင်း ယူနက်စကို၏ အချက်အလက် များအရ သိရသည်။

# The Voice