လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အဆုံးအဖြတ် ခံယူမည်

လွှတ်တော်နှစ်ရပ်  သဘောထားကွဲလွဲသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေးရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြ၍ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်သို့ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပေးပို့လာသည့် ယင်းဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော်က သုံးချက်သာ သဘောတူပြီး ကျန်ခုနစ်ချက်က သဘောထားကွဲလွဲခဲ့သည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ထပ်မံပြင်ဆင် ရန်တင်ပြချက်များကို လွှတ်တော်၏ သဘောထား တောင်းခံပြီး ယင်းဥပဒေကြမ်းကို အတည်ပြုခဲ့သည်။

ထို့အပြင် ပြည်သူ့လွှတ်တော်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သဘောထားတောင်းခံရာ ၀န်ကြီးဌာနနှစ်ခုကလည်း ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း သဘောတူခဲ့ သည်။

ပြင်ဆင်ရန်တင်ပြချက်ခုနစ်ချက်တွင် ယင်းဥပဒေအရ ရဲစခန်းသို့ သွားရောက်တိုင်ကြား၍ ရဲကအမှုဖွင့်မပေးပါက အရေးယူမည့်ပုဒ်မကိုပါ ပြင်ဆင်တင်ပြထားကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောသည်။

‘‘ရဲစခန်းကိုသွားတိုင်တဲ့အခါမှာ ရဲကအရေးယူပေးရမယ်။ အရေးယူမပေးဘူးဆိုရင် အမှုမဖွင့်ပေးတဲ့ရဲကို ကျွန်တော် တို့က  အပြစ်ပေးဖို့အတွက် ထည့်ထားတယ်’’ ဟု ၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီက ထပ်မံပြင်ဆင်ရန် တင်ပြချက်များတွင် ပုဒ်မ ၉ ပါ ယင်းတာဝန်ကို ဆောင်ရွက်ရန် အကြောင်းမဲ့ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် အနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ် သုံးသိန်းမှ အများဆုံးကျပ် ဆယ့်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ပါရှိသည်

# 7 Day Daily