အစိုးရသစ်၏ စီးပွားရေးမူဝါဒ ဇူလိုင် ၂၉ ရက်နေ့ ထုတ်ပြန်မည်

အစိုးရသစ်၏ စီးပွားရေးမူဝါဒကို အစိုးရတာဝန် စတင်ရယူပြီး ရက်ပေါင်း ၁၂၀ အကြာ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်ရုံးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

“ဒီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်နိုင်ဖို့  စီစဉ်နေပါတယ်ခင်ဗျာ။ ဘယ်လိုအချက်တွေ ပါဝင်တယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး။ ၂၉ ရက်နေ့ကတော့ Confirm နီးနီးလောက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းစီးပွားရေးမူဝါဒတွင် အချက် ၁၂ ချက်ပါဝင်မည်ဖြစ်ပြီး ရွေးကောက်ပွဲမဝင်ခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ စီးပွားရေးမူဝါဒအဖြစ် ထုတ်ပြန် ခဲ့သော စီးပွားရေးမဟာဗျူဟာ အချက်ငါးချက်နှင့် ယင်းပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ စီးပွားရေးမူဝါဒများအပေါ် အခြေခံကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း လူမှု-စီးပွားဆိုင်ရာ မူဝါဒအကြံပေး အဖွဲ့အစည်း Renaissance Institute မှ ဦးစိုးဝင်းက ပြောသည်။

“ဒီဟာကို ရေးဆွဲရာမှာ ပြည်တွင်းပြည်ပ ပညာရှင်တွေပါတယ်၊ အစိုးရဌာနဆိုင်ရာတွေလည်း ပါတယ်။ ဘယ်လိုအချက်တွေ ပါဝင်တယ်ဆိုတာကိုတော့ ခုချိန်မှာ ပြောလို့မသင့်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

NLD ပါတီ၏ စီးပွားရေး မဟာဗျူဟာနှင့် ဦးစားပေး လုပ်ဆောင်မည့် အချက်ငါးချက်တွင် ဘဏ္ဍာရေး၊ အစိုးရနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေး၊ လယ်ယာစိုက်ပျိုးရေး၊ ငွေကြေးမူဝါဒနှင့် ငွေကြေးဈေးကွက် တည်ငြိမ်ရေး၊ အရေးကြီး အခြေခံအဆောက်အဦများ တည်ဆောက်ရေးတို့  ပါဝင်သည်။

ယခုထုတ်ပြန်မည့် အစိုးရသစ်၏ စီးပွားရေးမူဝါဒတွင် လူမှုရေးဆိုင်ရာ သာတူညီမျှမှု၊ လူတန်းစားဝင်ငွေ အလွှာ အားလုံးကို ထိရောက်မှုရှိစေရေး အပိုင်းတို့တွင် အားနည်းချက်အချို့ ရှိနေနိုင်ကြောင်း အဆိုပါ မူဝါဒရေးဆွဲရာတွင် ပါဝင်ခဲ့သူ ပြင်ပစီးပွားရေး ပညာရှင်တစ်ဦးက ဆိုသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲသည့် အဆိုပါစီးပွားရေး မူဝါဒကို ယခင်က ဇွန်လအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသော်လည်း ယခုအခါ အစိုးရသစ် တာဝန်ယူပြီး ရက်ပေါင်း ၁၂၀ ကြာမှသာ စီးပွားရေးမူဝါဒကို ထုတ်ပြန်နိုင်မည် ဖြစ်သည်။

The Voice


Leave a Reply