ရေကြီးနစ်မြုပ်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့များတွင် အရေးပေါ်ခိုလှုံနိုင်ရန် Shelter တည်ဆောက်ပေးသင့်

13081804_1136480829709399_320826700_n

ရေကြီးနစ်မြုပ်မှုဒဏ် ဆိုးရွားစွာ ခံနေရသည့် ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် အမ်းမြို့နယ်များတွင် ဒေသခံများ အရေးပေါ် ခိုလှုံ နိုင်ရန်အတွက် ကျေးရွာတစ်ရွာလျှင် Shelter တစ်ခုစီ တည်ဆောက် ပေးသင့်ကြောင်း လူမှုကူညီရေးအဖွဲ့များ က အကြံပြုသည်။

  ‘‘ရေကြီးနစ်မြုပ်မှုဖြစ်ရင် ကူညီကယ်ဆယ်ရေးတွေအနေနဲ့ စားနပ်ရိက္ခာ၊ အ၀တ်အထည်တွေကို ဦးစားပေး ထောက်ပံ့ ကြတာများပါတယ်။ အဲဒါတွေအပြင်ကျေးရွာ တွေမှာ ရေကြီးနစ်မြုပ်လို့ရှိရင် အ ရေးပေါ်ခိုလှုံနိုင်ဖို့အတွက် Shelter တွေ တစ်ရွာမှ တစ်လုံးလောက် တည်ဆောက်ပေးသင့်ပါတယ်။ ဒါဟာ ရေဘေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းတစ်ခုဖြစ် ပါတယ်’’ ဟု မင်းပြားအခြေစိုက် ‘ဇ’ ဖောင်ဒေးရှင်းမှ ကိုကောင်း မြတ်ကျော်က ပြောသည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ပါက ဒေသခံများမှာ ကုန်းမြင့်ရှိသည့် ရွာများတွင် ကုန်းမြင့်ပေါ်သို့ ထွက်ပြေးကြရပြီး ကုန်းမြင့် မရှိသည့်ကျေးရွာများ၌ အဆောက်အအုံ အမြင့် များဖြစ်သည့် ဘုန်းကြီးကျောင်းနှင့် ဘုရားသိမ်များသို့ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ကျိန်းရိမ်ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးသိန်းထွန်းက ပြောသည်။

‘‘ရေကြီး နစ်မြုပ်တာက နောက်ဆိုအမြဲဖြစ်မယ့် သဘောရှိ လာပါတယ်။ ရေကြီးနစ်မြုပ်ရင် ဒေသခံအများစုက ကုန်းမြင့် တွေကိုပြေးကြရတယ်။ ဒါပေမဲ့ အဲဒီကုန်းမြင့် တွေက ဒေသခံတွေအတွက် လုံခြုံမှုရှိတဲ့ ခိုလှုံနေရာမဟုတ်ပါဘူး။ အဲဒါ ကြောင့် ရေကြီး နစ်မြုပ်မှုဒဏ် မကြာခဏခံနေရတဲ့ ကျေးရွာတွေမှာ တစ်ရွာကိုအနည်း ဆုံး Shelter တစ်လုံး ဆောက်ပေးသင့်ပါတယ်’’ဟု ဦးသိန်းထွန်းကဆိုသည်။ အဆိုပါ Shelter များကို ကုန်းမြင့်မရှိသည့် ကျေးရွာများတွင် ဦးစားပေး တည်ဆောက် ပေးသင့်ကြောင်း မြောက်ဦးမြို့နယ်နာ ရေးကူညီမှုအသင်းမှ အမှုဆောင် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင် ပထမပတ်က မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၆ မြို့နယ်၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး လူ သောင်း ချီ၍ ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ခိုလှုံခဲ့ရကြောင်း သတင်း ရရှိသည်။


Leave a Reply