တာချီလိတ်မြို့နယ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၇) ရက် နံနက် (၉) နာရီအချိန်က မကာဟိုခမ်း ရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိကြီးအဖြစ် ပါတီဝင် ဒေါက်တာမြင့်အောင်မှ ဦးဆောင်၍ သဘာပတိ အဖွဲ့ဝင်များအဖြစ် ဗဟို(အရံ)ကော်မတီဝင် ဦးဝီလ်ဆင်မိုး၊ ပါတီ(နယက)များဖြစ်သည့် ဦးဘိုလေး၊ ဦးအားဇီး၊ ဦးမြင့်ဦးတို့မှ ဆောင်ရွက်ပြီး သဘာပတိကြီးမှ အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ် မြို့နယ် လုပ်ငန်းဆောင်ရွက်ချက်အား မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းမှ ဖတ်ကြား တင်ပြခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ တာလေမြို့နယ် စည်းရုံးရေးမှူး ဦးအောင်ထန်မှ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေး စာတမ်းအားလည်းကောင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်ငြိမ်းအောင်မှ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပိုမိုခိုင်မာ စေသော ဖတ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုထူထောင်ရေး စာတမ်းအားလည်းကောင်း၊ မြို့နယ်ကော်မတီဝင် ဦးဝေယံဦးမှ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားတင်သွင်းခြင်းကြပြီး မြို့နယ် ပါတီ ကော်မတီဝင်ဟောင်းများ နှုတ်ထွက်ခြင်း၊ မြို့နယ်ပါတီကော်မတီဝင်(အသစ်)စာရင်း၊ မြို့နယ် (အရံ) ကော်မတီဝင်(အသစ်)စာရင်းများအား အတည်ပြုခြင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့၏ အမည်စာရင်းများအား ခရိုင်ပါတီ အတွင်းရေးမှူး ဦးဘိုစံမှ ဖတ်ကြားတင်သွင်းခဲ့ပါသည်။

ဆက်လက်၍ သဘာပတိကြီး ဒေါက်တာမြင့်အောင်မှ မြို့နယ်ကော်မတီဝင်(၁၅)ဦးအနက်မှ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူးအဖြစ် ဦးစိုင်းလုံ၊ မြို့နယ်ဘဏ္ဍာရေးမှူးအဖြစ် ဦးအောင်ဝင်းတို့၏ အမည်စာရင်း များကို ကန့်ကွက်ရန် ရှိ/မရှိ မေးမြန်းပြီး အတည်ပြု တာဝန်ပေး အပ်ကြောင်း ကြေညာခဲ့ပါသည်။

ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှမှ ပြည်နယ် ကော်မတီဝင် ဦးလှမွေ လရှဲန်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဟွမ်နွဲ့တို့မှ တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဗဟို(အရံ)ကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ ဦးဆောင်၍ မြို့နယ်နှင့်(အရံ)ကော်မတီဝင်များ ပါတီ ကတိသစ္စာပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သော နိုင်ငံရေးပါတီများ မီဒီယာနှင့် ဆက်သွယ်ဆက်ဆံရေးသင်တန်းတွင် ထူးချွန်ဆုရရှိသည့် မြို့နယ်ကော် မတီဝင် ဦးအောင်ထန်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်ပါတီဝင်၏ သားနှစ်ဦး၊ မီဒီယာလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်ပါတီ မီဒီယာ အဖွဲ့အား လုပ်ငန်းသုံးအင်္ကျီများ၊ မကာဟိုခမ်းရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့အတွက် အင်္ကျီ (၁၀)စုံ တို့ကို ပေးအပ်လှူဒါန်းခြင်းနှင့် သွေးအလှူရှင် (၁၄) ဦးတို့အား ဂုဏ်ပြုငွေလက်ဆောင်နှင့် အထိမ်းအမှတ်များ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် ဗဟို(အရံ)ကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ ထိုင်းဘတ်ငွေ(၁)သောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူကျောင်းသား(၂)ဦးအား သဘာပတိအဖွဲ့ဝင် ဦးဘိုလေးမှ ထိုင်း ဘတ်ငွေ(၈)ထောင်၊ ဗဟို(အရံ)ကော်မတီဝင်၊ တာချီလိတ်ခရိုင်/မြို့နယ်တာဝန်ခံ ဒေါ်တင်မေထွန်းမှ ထိုင်းဘတ်ငွေ(၁)သောင်းတိတိကို လှူဒါန်းခဲ့ကြောင်း သိရသည်။

တာချီလိတ်ပြည်ခိုင်ဖြိုး


Leave a Reply