တအာင်း၊ AA ကိုးကန့်အဖွဲ့များနှင့် ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’ ခေါင်းဆောင်များ ဆွေးနွေးမည်

တအာင်း၊ AA၊ ကိုးကန့်အဖွဲ့များနှင့်ပတ်သက်သည့် မူဝါဒကို အစိုးရကိုယ်စား လှယ်အဖွဲ့ ‘၀’ ခေါင်းဆောင်များနှင့် မကြာမီသွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု သတင်းရရှိသည်။

ဇူလိုင် (၅) ရက်က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးအပြီးတွင် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ‘‘နောက်ဆုံး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဘောထားက သြဂုတ်နောက်ဆုံးပတ်ကို နောက်ဆုံးထားပြီး ညီလာခံကျင်းပမယ်။ ရက်ရွှေ့မှာကိုလည်း သူက မလိုလားဘူး။ အဲဒီတော့ Time Frame ကိုတော့ မရွှေ့နိုင်ဘူး။ ဒီကြားထဲမှာလည်း ကျွန်တော်တို့ ဒီဘက်က အကြိုပြင်ဆင်ရေး ဆပ်ကော်မတီနှစ်ခုက လုပ်ရမှာတွေတော့ များတယ်။ သို့သော် ကျွန်တော်တို့က အပြုသဘောပေါ့။ အကောင်းဘက် မျှော် လင့်ပြီးတော့၊ ဘာလို့လဲဆိုတော့ မကြာခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UNFC ဥက္ကဋ္ဌတို့ ရန်ကုန် မှာတွေ့မယ်။ နောက်ပြီး မိုင်းလားကိုသွားမယ်။ AA၊ TNLA၊ MNDAA အဖွဲ့သုံးဖွဲ့နဲ့ ဒါနဲ့ပတ်သက်တဲ့ မူဝါဒကို တပ်မတော်ဘက်က ဒီနေ့ရတယ်။ တပ်မတော်ဘက်က မူဝါဒအရတော့ ဒီနေ့မူဝါဒတစ်ခု ချခဲ့နိုင်တယ်။ ချခဲ့တဲ့အချက်အလက်တွေကိုလည်း ဦးသိန်းဇော်တို့အဖွဲ့ (အစိုးရကိုယ်စားလှယ်) က ‘၀ ’နဲ့ ဆွေးနွေးမယ်’’ ဟု ပြောသည်။

သို့သော် အဖွဲ့သုံးဖွဲ့နှင့်ပတ်သက်သည့်မူဝါဒကို ဦးဇော်ဌေးက အသေးစိတ် ပြောကြားခြင်းမရှိခဲ့ပေ။  ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနှင့် ‘၀’ ခေါင်းဆောင်များ သည် မကြာသေးမီက မိုင်းလားမြို့တွင် တွေ့ဆုံခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း တအာင်း၊ AA နှင့် ကိုးကန့်အဖွဲ့တို့နှင့် အ လွတ်သဘောတွေ့ဆုံခဲ့သည်။

တပ်မတော်ဘက်က အဆိုပါအဖွဲ့သုံးဖွဲ့သည် ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းပြီးနောက်ပိုင်းတွင်မှ လက်နက်စွဲကိုင်တော်လှန်ခဲ့သည့်အတွက် အသိအမှတ်မပြုနိုင်ဘဲ ယင်းအဖွဲ့များအနေဖြင့် လက်နက်စွန့်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

7 Day Daily


Leave a Reply