ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြိတ်ခရိုင်အတွင်းရှိ ပါတီကော်မတီဝင်များ၊ ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံ

မြိတ်၊ ဇွန် – ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မြိတ်ခရိုင်အတွင်းရှိ ခရိုင်ပါတီဝင်များ မြိတ်၊ ပုလော၊ တနင်္သာရီ၊ ကျွန်းစုမြို့နယ်များမှ ပါတီကော်မတီဝင်များ၊ အသင်းနှင့်ပါတီဝင်ဟောင်းများ ပါတီဝန်းရံသူများအား ဇွန်လ ၁၀ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
မြိတ်ခရိုင်အတွင်းရှိ ပါတီကော်မတီအဆင့်ဆင့်တွေ့ဆုံပွဲအခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းအောင်မှ တိုင်းဒေသကြီးအတွင်းရှိ ဆောင်ရွက်ချက်မျာအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်မှ ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များ၊ ပါတီ၏ စည်းရုံးရေး လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက လတ်တလောနိုင်ငံရေးအခြေအနေများ၊ အနာဂါတ်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပါတီဝင်ထု ကျစ်လစ်ခိုင်မာရေးလုပ်ငန်းစဉ်များအတွက် လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီကော်မတီဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် အကြောင်းအမျိုးမျိုးကြောင့် ပါတီနှင့်ကင်းကွာနေသည့် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသားဟောင်းများ၊ ပါတီဝင်ဟောင်း များနှင့် ပါတီဝန်းရံသူများအား နေလည်ပိုင်းတွင် ထပ်မံတွေ့ဆုံခဲ့ပြီး လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေး အခြေအနေများ နှင့် ပါတီ၏ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ တိုင်းဒေသကြီး ခရိုင် မြို့နယ် အဆင့်ဆင့်မှ ပါတီကော်မတီဝင် (၁၀၀) ဦးခန့်၊ အသင်းနှင့်ပါတီကင်းကွာ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ #USDP #Myanmar #ukhinyi