ယူကရိန်းသို့ အမြှောက်ဆံ နှစ်သိန်းကျော် ပေးပို့ခဲ့ကြောင်း ဥရောပသမဂ္ဂပြော

လက်နက်ခဲယမ်းတွေတိုးမြှင့်ပေးပို့ဖို့ လွန်ခဲ့တဲ့ နှစ်လက စတင်ခဲ့တဲ့ အစီအစဉ်တစ်ရပ်အရ ဥရောပသမဂ္ဂက ယူကရိန်းကို လက်နက်ကြီးနဲ့ အမြှောက်ကျည်ဆံ ၂၂၀ ၀၀၀ ကို ထောက်ပံ့ပေးခဲ့တယ်လို့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ က ပြောကြားပါတယ်။
ယင်းအစီအစဉ်အောက်မှာပင် အီးယူက ယူကရိန်းကို ဒုံးကျည် ၁၃၀၀ ကိုလည်း ပေးပို့ပြီးဖြစ်ကာ တစ်နှစ်အတွင်း လက်နက်ခဲယမ်း တစ်သန်းအထိ ပေးပို့ရေး ပစ်မှတ်ရောက်ရန် အလားအလာကောင်းနေတယ်လို့လည်း နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ် က ပြောကြားပါတယ်။
“ ယူကရိန်းစစ်ပွဲမှာ ရှေ့လာမယ့်နေ့တွေ၊ သီတင်းပတ်တွေ နဲ့ လတွေက မဟာဗျူဟာအရ အဆုံးအဖြတ်ပေးမယ့် ကာလတွေဖြစ်ပါလိမ့်မယ်”လို့ ဘရပ်ဆဲလ်မြို့က အီးယူ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မစ္စတာဘော်ရဲလ် က ပြောပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်က လက်နက်တွေအပြိုင်အဆိုင် ပစ်ခတ်မှုအဖြစ် ပြောင်းလဲသွားနေပြီး သူတို့အနေနဲ့ လက်နက်ကြီးကျည်ဆံတွေ အလျင်အမြန်လိုအပ်နေကြောင်း ကိဗ် က သတိပေးခဲ့ပြီးတဲ့နောက် အီးယူနိုင်ငံတွေ က လက်နက်ခဲယမ်းထောက်ပံ့ရေးအစီအစဉ်ကို မတ်လထဲမှာ သဘောတူခဲ့ကြပါတယ်။
ယူရို ၁ ဒသမ ၂ ဘီလီယံ တန်ကြေးရှိတဲ့အစီအစဉ်အရ အီးယူနိုင်ငံတွေက လက်နက်ခဲယမ်းတွေကို စုပေါင်း ဝယ်ယူပြီး ယူကရိန်းအား ထောက်ပံ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
-Ref: Reuters/nh