ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌဦးမျိုးဇော်သိန်း ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

မေ ၂၈၊ ပဲခူး

၂၈.၂.၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဌဦးမျိုးဇော်သိန်း ဦးဆောင်သော ပါတီတာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ တိုင်း၊ ခရိုင်ကော်မတီဝင်များ၊ ၁၄ မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဏာရေးမှူးများနှင့် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းပါတီရုံးတွင် လာရောက်တွေ့ဆုံခဲ့ပါသည် ။

ရှေးဦးစွာပါတီ၏ ဒုတိယဥက္ကဌနှင့်အဖွဲ့သည် ပဲခူးမြို့ရှိထီးတော်အသစ်ပြန်လည်တင်လှူရန်လုပ်ဆောင်နေသော “ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး”သို့ သွားရောက်ဖူးမျှော်၍ ပါတီဒုတိယဥက္ကဌနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစုများမှ စေတီတော်ကြီးအတွက် အလှူငွေ (၁၁)သိန်းကျပ်အား စေတီတော်ကြီး၏ ဂေါပကထံပေးအပ်လှူဒါန်းခဲ့ပြီး စေတီဝန်းအတွင်း၌ လာရောက်လုပ်အားဒါနပေးနေသော မဇင်းရပ်ကွက်နှင့်ကလျာဏီ ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့်ရင်းနှီးစွာ တွေ့ဆုံအားပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဥက္ကဌသည် တိုင်းပါတီရုံးခန်းမတွင် တိုင်းကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌများ၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ ၊ ဘဏ္ဏာရေးမှူးများ နှင့်တွေ့ဆုံခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းပြုလုပ်ခဲ့ပြီး ပါတီ၏ ဒုတိယဥက္ကဌဦးမျိုးဇော်သိန်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီး ပါတီဥက္ကဌဦးရဲမြင့်ထွန်းမှ တိုင်းဒေသကြီးပါတီ၏ လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများ၊ တက်ရောက်လာကြသော တိုင်း ၊ခရိုင် ၊မြို့နယ်ပါတီတာဝန်ရှိသူများမှ မိမိတို့နယ်မြေအလိုက်ပါတီ၏ မြေပြင်အခြေအနေများ၊ တင်ပြချက်များအပေါ် ပါတီ၏ ဒုတိယဥက္ကဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ညနေပိုင်းတွင် ပါတီ၏ ဒုတိယဥက္ကဌဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့ရှိ သမိုင်းဝင် ” ရွှေမောဓော စေတီတော်မြတ်ကြီး”သို့ သွားရောက်ဖူးမျှော်ကာ စေတီတော်၏ ဂေါပကအဖွဲ့တာဝန်ရှိသူများထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။