ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အဟောင်းများ၊ ပြည်ခိုင်ဖြိုးအသင်းတွင် ဆောင်ရွက်ခဲ့သော အသင်းဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

သြဂုတ် ၇၊ ပုသိမ်

ဧရာတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး၌ ပါတီဝင်အသစ် အဟောင်းများ၊ အသင်းတွင်ဆောင်ရွက်ခဲ့သော အသင်းဝင်များ တက်ရောက်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များတွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်သမားများ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ အခမ်းအနားသို့ တက်ရောက်ကြသူများအား အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ လက်တွဲညီညီဆောင်ရွက်ကြရန်၊ အတွေ့အကြုံရှိသူများ ဖြစ်သည့်အတွက် လိုအပ်သောအကြံများပြုကြရန်၊ လုပ်အားပါဝင်လုပ်ကိုင်နိုင်သူများက လုပ်အားနှင့်ပါဆောင်ရွက် ကြရန်နှင့် အချင်းချင်း အပြန်အလှန် ကူညီဆောင်ရွက်ကြရန် စသည့် အချက်များနှင့်အတူ ​ရှေ့ဆက် ဆောင်ရွက် သွားကြမည့် အခြေအနေများအား ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ မြို့နယ်များမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်အသစ် အဟောင်းများ၊ ပြည်ခိုင်ဖြိုးအသင်းတွင် ဆောင်ရွက်ခဲ့ကြသော အသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။