ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲနှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်းများ သြဂုတ်လတွင် စတင်မည်

ကိုရီးယာနိုင်ငံ၌ အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများအတွက် ဘာသာစကားအရည်အချင်းစစ် စာမေးပွဲနှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲများကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှစတင်ကာ လုပ်ငန်း အမျိုးအစားအလိုက် ဖြေဆိုရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ကိုရီးယားသမ္မနိုင်ငံ၏ အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားရာတွင် အလုပ်လုပ်ကိုင်သူ၏ ကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့်အတွေ့အကြုံများပါ စစ်ဆေးခြင်းဖြစ်ပြီး အထူးသဖြင့် မျက်စိအရောင်ခွဲခြားနိုင်မှုမရှိခြင်းနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းချက်ရှိသူများသည် စာမေးပွဲအောင်မြင်ခွင့်ရရှိမည်မဟုတ်ကြောင်းသိရသည်။

အမှတ်ပေးစနစ်ဖြင့်အလုပ်ခန့်ထားမည့်စနစ်တွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပါဝင်မည်ဖြစ်ပြီး အခြေခံကျွမ်းကျင်စစ်ဆေးခြင်းအနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် အရောင်များအားခွဲခြားနိုင်ခြင်းရှိ၊ မရှိတို့ကိုစစ်ဆေးမည်ဖြစ်သည်။

စာမေးပွဲလျှောက်လွှာကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ၂၃ ရက်အထိ အွန်လိုင်းစနစ်ဖြင့် စားမေးပွဲလျှောက်လွှာ တင်သွင်းရန် နစက၏ပြည်ပအလုပ်အကိုင်အေဂျင်စီ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် POEA – EPS ၊ အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက် https:// www.mol.gov.mm ၊ https://www.mol.gov.mm/my/ နှင့် Safe Migration လူမှုကွန်ရက်စာမျက်နာတို့တွင် ရယူနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနကကြေညာသည်။

အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းရှိသူများ၊ ထောင်ဒဏ်ကျခံဖူးခြင်းမရှိသူ၊ မိခင်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာခွင့် တားမြစ်ခြင်းမခံရသူ၊ ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ထားခြင်း၊ ပြန်ပို့ခြင်းမခံရသူများ စာမေးပွဲ ဖြေဆိုခွင့်ရမည်ဖြစ်ပြီး E-9, E-10 ဗီဇာဖြင့် ကိုရီးယားသမ္မတနိုင်ငံ၌ ၅ နှစ်နှင့် အထက်နေထိုင်ခဲ့သူများ၊ ကျန်းမာရေးစစ်ဆေးမှုမအောင်မြင်သူများ ဖြေဆိုခွင့်ရမည်မဟုတ်ကြောင်းလည်း သိရသည်။