မုံရွာတွင်အမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင်မုံရွာမဲဆန္ဒနယ်အောင် နိုင်ရေးအတွက် အမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်မှု အဖြစ် ယမန်နေ့ နံနက်၈နာရီတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် များဖြစ်ကြသည့် ဒေါ်သိင်္ဂီဝင်းရွှေ (အမျိုးသမီး ရေးရာတာဝန်ခံ)နှင့် ဒေါ်ညွန့်ညွန့်ဌေး (အမျိုးသမီးရေးရာအဖွဲ့ဝင်) တို့ ဦးဆောင်ပြီး မုံရွာခရိုင်၊ စစ်ကိုင်း ခရိုင်၊ ယင်းမာပင်ခရိုင်တို့မှ ပါတီ ဝင်အမျိုးသမီးအင်အား ၃၆၅ ဦး တို့သည် မုံရွာမြို့ပေါ်ရှိ မကျည်းပင်ဈေး၊ အောင်ချမ်းသာဈေး၊ မြို့သစ် ဈေး၊ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးများသို့လည်းကောင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ယဉ်မာဝင်း (အမျိုးသမီးရေးရာ အဖွဲ့ဝင်)၊ မုံရွာခရိုင်အတွင်းရေးမှူး ဒေါ်ကြူမိုးသန့် ဦးဆောင်သည့် မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့မှ အမျိုး သမီးရေးရာပါတီဝင်အင်အား ၂၆ဝ တို့သည် သံလမ်းဈေး၊ သာစည် ဈေး၊ သီရိရတနာဈေးများသို့ လည်းကောင်း သွားရောက်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ လက်ကမ်းကြော်ငြာ စာစောင် များပေးဝေခြင်း၊ ဈေးသူဈေးသား များအား ကိုယ်စားလှယ်လောင်း နှင့် မိတ်ဆ က်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက်အမျိုးသမီးရေးရာ လှုပ်ရှားမှုအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပူးပေါင်းအင်အား ၆၂၅ ဦးတို့သည် မော်တော်ယာဉ် ၃၁ စီးဖြင့် မုံရွာမြို့ ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်းများအတိုင်း လှည့် လည်အင်အားပြခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အဆိုပါ အင်အား ၆၂၅ ဦးတို့သည် အဖွဲ့ ခုနစ်ဖွဲ့ဖွဲ့ကာ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင်ပါတီ ကော်မတီဝင်များလိုက်ပါကြီးကြပ် လျက် ထန်းတောရပ်ကွက်၊ နန္ဒဝန် ရပ်ကွက်၊ သလ္လာရပ်ကွက်၊ နတ် လူထိပ္ပန်ရပ်ကွက်၊ မုံရွာတောင် ရပ်ကွက်၊ အလုံရပ်ကွက်၊ စစ်ပင် ရပ်ကွက်၊ အိုးဘိုတောင်ရပ်ကွက်၊ ကံသာဦးရပ်ကွက်နှင့် ပြည်တော် သာရပ်ကွက်များသို့ တစ်အိမ်တက် တစ်အိမ်ဆင်း Door to Door ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မုံရွာမြို့ရှိ ဈေးများနှင့်ရပ်ကွက် များအတွင်း တစ်အိမ်တက်တစ် အိမ်ဆင်း Door to Door ကွင်း ဆင်းဆောင်ရွက်ရာသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးအောင်တင်မြင့်၊ ဒေါက်တာမောင်သင်း၊ ဒေါက်တာ မြင့်သိန်း (တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ)နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်တို့ လိုက်ပါကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အေးဇေယျာ