တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိ၊ သံရုံးမိသားစုများအား တွေ့ဆုံ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Ngo Xuan Lich ၏ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မတ်လ (၅) ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

လေဆိပ်တွင် ဗီယက်နမ်တပ်မတော် နိုင်ငံခြားဆက်ဆံရေးဌာန အကြီးအကဲ Lt. General Vu Chien Thang နှင့် တပ်မတော်အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ညပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဧည့်ခန်း၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများ၊ ဗီယက်နမ်နိုင်ငံတွင် သင်တန်း တက်ရောက်နေသည့် သင်တန်းသား များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ CLMV အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အပြင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကစတင်၍ နိုင်ငံချင်း၊ ခေါင်းဆောင်ချင်း ရင်းနှီး ခင်မင်သည့် ဆက်ဆံရေးရှိခဲ့ကြောင်း၊ လက်ရှိပါတီစုံဒီမိုကရေစီ ခေတ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ခဲ့ကြောင်း၊ သံရုံး၊ စစ်သံရုံး ၀န်ထမ်း များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်အရ နှစ်နိုင်ငံ အကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှု ပိုမိုတိုးတက်အောင် ကြိုးစား လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရုံးအလိုက် ခေတ်အဆက်ဆက်က နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တမ်း များ ပြုစုထားရှိပြီး မိမိတို့ တာဝန်ထမ်းဆောင်ချိန်တွင် ပိုမိုမြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဗီယက်နမ်နိုင်ငံသည်ဈေးကွက်စီးပွားရေးစနစ်အရ အာရှတွင် ကျားတစ်ကောင် ဖြစ်လာခဲ့သည်ကိုလည်း လေ့လာပြီးအားသာချက်များကို မိမိနိုင်ငံအတွက် အကျိုးရှိအောင် အသုံးပြုနိုင်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု အပိုင်းတွင်လည်း မိမိနိုင်ငံမှ ပို့ကုန် ပိုမိုတိုးတက်စေရန်၊ နည်းလမ်းရှာဖွေ လုပ်ဆောင်ရန်၊ ဗီယက်နမ်နိုင်ငံသို့ ကုန်းတွင်းကုန်သွယ်မှု လမ်းကြောင်း ဖွင့်လှစ်နိုင်ပါက ပို့ကုန်များ ပိုမိုတိုးတက် ပို့ဆောင်နိုင်မည့်အပြင် အရှေ့အာရှနိုင်ငံများ သို့ပါ ကုန်သွယ်မှု မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်းပိုမိုတိုးတက်စေရန်လည်း ကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း၊ သံရုံးနှင့်စစ်သံရုံးတို့သည် ညီနောင်များဖြစ်၍ စည်းလုံး ညီညွတ်စွာ နေထိုင်ရေး၊ လုပ်ငန်းတာဝန်များကို ပူးပေါင်း ကူညီဆောင်ရွက်ရေးတို့အား မှာကြား၍ လက်ရှိမြန်မာနိုင်ငံတွင် ပြည်သူကရွေးချယ်သည့် ပါတီစုံလမ်းကြောင်း ခိုင်ခိုင်မာမာ တည်တည် ငြိမ်ငြိမ် ဖြစ်စေရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းပြည်အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

# တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး