ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်အလှူပွဲ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီကော်မတီမှ ဦးဆောင်၍ (သတ္တမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို နိုဝင်ဘာ (၁၃) ရက်  နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

dagon


အခမ်းအနားသို့ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းမည့် အမှတ်(၆)ရပ်ကွက်ရှိ ငြိမ်းချမ်းအောင်မြေ ကျောင်းတိုက်ဆရာတော် ဦးအစ္ဆရိယနှင့် ပင့်သံဃာတော်များ၊ ပါတီဗဟိုကော်မတီဝင် ဦးတင်အောင်၊ အရန်ပါတီ ဗဟိုကော်မတီဝင် ရန်ကုန် (အရှေ့ပိုင်း) ခရိုင်အတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့် ဇနီး ဒေါ်လဲ့လဲ့အေး၊ (အရှေ့ပိုင်း) ခရိုင် ဘဏ္ဍာရေးမှူး၊ (နယ်မြေတာဝန်ခံ) ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များမှ ဧည့်သည်တော်များ၊ ရပ်ကွက်နှင့် ကျေးရွာ ၃၂ ခုမှ ပါတီဝင်များနှင့်ဒေသခံ ပြည်သူများ စုစုပေါင်း ၃၈ဝ ကျော် တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခြင်း၊ အမှတ်(၁၃)ရပ်ကွက် သာသနာ သာစည်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ပင့်သံဃာတော်များအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်နေသော သာသနာရေးဆိုင်ရာ အချက် လက် များကို လျှောက်ထားတင်ပြသည်။

ထို့နောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းတော်အား ရပ်ကွက်နှင့် ကျေးရွာပါတီအဖွဲ့ခေါင်းဆောင်များက ငြိမ်းချမ်းအောင် မြေဆရာတော်အားစုပေါင်း ဆက်ကပ်လှူဒါန်းကြပြီးနောက် ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ပါတီဗဟိုကော်မတီဝင်နှင့် ပါတီဝင်များက ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး နောက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပဒေသာပင်များကို မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး မြို့နယ်အတွင်း လှည့်လည်၍စုပေါင်း မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းသည့် အမှတ်(၆)ရပ်ကွက် ငြိမ်းချမ်းအောင်မြေ ကျောင်း တိုက်သို့ပို့ဆောင်ကြသည်။ လှူဒါန်းမှုအစုစုပစ္စည်း တန်ဖိုးကျပ် ၃၂၂၄၄ဝဝ ဖြစ်ပြီး ငွေသားတန်ဖိုး ကျပ် ၃၁၆၃၃ဝဝ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၆၃၈၇၇ဝဝ ဖြစ်ကြောင်း သိရသည်။

# The Uniondaily


Leave a Reply