ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ပါတီမျက်နှာစုံညီအစည်းအဝေး (၂၀၁၆) အခမ်းအနား ကျင်းပ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြည်ထောင်စု နယ်မြေ ပါတီမျက်နှာစုံညီအစည်းအဝေးပွဲကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ပါတီရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ ပြည်ထောင်စုနယ်မြေပါတီနာယက ဦးမျိုးညွန့်၊ ဖိတ်ကြားထားသော ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ စုံညီစွာ တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးမှတ်ကြီး၊ သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးဖေသန်းဦးနှင့် ဦးဖေအံ့မောင်တို့မှ ဆောင်ရွက်ကြပြီး၊ ရှေးဦးစွာ သဘာပတိ ဦးမှတ်ကြီးမှ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ ပါတီကော်မတီများ၏ လုပ်ငန်းဆောင်ရွက် ချက်များကို ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးခင်မောင်ဌေး မှ အစီရင်ခံတင်ပြပြီး၊ ဆက်လက်၍ အစုအဖွဲ့စာတမ်းများကို တင်ပြဆွေးနွေးရာ နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စာတမ်းကို ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင် ဦးဌေးဝင်းမှလည်းကောင်း၊ ဒီမိုကရေစီရှင်သန် ရင့်ကျက် ခိုင်မာရေးစာတမ်းကို ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်သီတာထွေးမှလည်းကောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး စာတမ်းကို ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်မှ လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးစာတမ်းကို ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးနိုင်လင်းသောင်းမှလည်းကောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပိုမိုခိုင်မာစေသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုထူထောင်သည့်စာတမ်းအား နေပြည်တော်ခရိုင် ကော်မတီဝင် ဒေါ်ရီရီဝင်းမှလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဌေးဝင်းမှ အစုအဖွဲ့များ ဖတ်ကြားတင်သွင်းသွားသော စာတမ်းများအား ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြသည်။

၎င်းနောက် ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်အဟောင်းများ တာဝန်မှနှုတ်ထွက်ခြင်းကို သဘာပတိမှ ဖတ်ကြားကြေငြာပြီး ပြည်ထောင်စု နယ်မြေ ပါတီကော်မတီအသစ်များကို အမည်စာရင်းတင်သွင်းခြင်း၊ အတည်ပြုခြင်း ကြေငြာခြင်းများကို သဘာပတိမှ ဆက်လက်ဆောင်ရွက် သည်။

ထို့နောက် ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌနှင့် အတွင်းရေးမှူး အမည်စာရင်း များကို အစုအဖွဲ့ များအလိုက် သဘာပတိထံတင်ပြပြီး၊ သဘာပတိမှ အစုအဖွဲ့ များမှ တင်သွင်းလာသော ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အမည်စာရင်းများကို အတည်ပြုကြေညာပါသည်။ ၎င်းနောက် သဘာပတိမှ ပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ဗဟိုမှပြန်လည်စိစစ်ပြီး ဗဟိုညီလာခံ ၂ဝ၁၆ ကျင်းပချိန်တွင် တင်သွင်းအတည်ပြုချက် ရယူရမှာ ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ အသစ်ရွေးချယ်လိုက်သော ပါတီကော်မတီဝင်များမှ ကတိသစ္စာပြုကြကာ ဗဟိုညီလာခံ သို့တက်ရောက်မည့် ကိုယ်စားလှယ် များအမည်စာရင်းကို အတည်ပြုကြေညာပြီးနောက် သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်းလိုက်သည်။

အေးကိုကို


Leave a Reply