ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာ ထွန်းလွင် သတိပေး

တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်းနိုင်သည့်အလားအလာများ မြင့်မားနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

ကချင်ပြည်နယ် အနောက်အလယ်ပိုင်း ပူတာအိုအနီးတစ်ဝိုက်ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး အနီးတစ်ဝိုက်ဒေသ၊ ရခိုင်ပြည်နယ် စစ်တွေအနီးတစ်ဝိုက်ဒေသများနှင့် ကျောက်ဖြူအနီးတစ်ဝိုက် ဒေသမျာ တွင် ယခုရက်ပိုင်းအတွင်း ရေဖုံးလွှမ်းနိုင်သည့် အလားအလာများ မြင့်မားနေသည့်အပြင် လက်ရှိအချိန်တွင် မိုးရေချိန် သုံးလက်မမှ ခုနစ်လက်မအထိ ရွာသွန်းခဲ့ပြီး မိုးကြီးခဲ့ကြောင်း သိရသည်။

“မိုးကြီးလို့ရေဖုံးတာပါ။ ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ရခိုင်တို့မှာ မိုးကြီးခဲ့ပြီး ဧရာဝတီ၊ ပဲခူးတိုင်း အနောက်မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ ကရင်ပြည်နယ် အလယ်ပိုင်း၊ မွန်ပြည်နယ် အလယ်ပိုင်းတို့မှာ လည်း မိုးရေချိန် ၁ ဒသမ ၅လက်မကနေ သုံးလက်မ အထိရွာခဲ့တယ်” ဟု ဒေါက်တာထွန်းလွင်က ဇူလိုင် ၄ ရက်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။

အလားတူမိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ချင်းတွင်းမြစ်ရေသည် ယခုရက်ပိုင်း အတွင်း ခန္တီးမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့တို့တွင် စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိလာနိုင်ခြင်းကြောင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ကို ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားသည်။

ယင်းအပြင် နောက်ထပ်နှစ်ရက်ခန့်ထိ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်မိုးပိုနိုင်ကြောင်း၊ မိုးရေချိန်လက်မ မြင့်မားခဲ့သည့် ဒေသများတွင် ကျောက်တော်မြို့၊ မောင်တောမြို့၊ ခန္တီးမြို့၊ အမ်းမြို့၊ တောင်ကုတ်မြို့၊ မြောက်ဦးမြို့၊ ဟုမ္မလင်းမြို့၊ ပလက်ဝမြို့၊ သံတွဲမြို့နှင့် ပဲခူးမြိုတို့ဖြစ်ခဲ့ပြီး ဒေသအလိုက်မိုးရေချိန် လက်မ ကိုးလက်မ ကျော်မှ ၁၂ လက်မကျော်ထိ ရွာသွန်းခဲ့သည်ဟု သိရသည်။

‪Democracytoday


Leave a Reply