ဇာတ်ရုပ်အတွက် မျက်နှာသွယ်အောင် ဆေးထိုးခဲ့တဲ့ ဇေရဲထက်

မကြာမီ ရုံတင်တော့မည့် ‘ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်’ဇာတ်ကားရိုက်ကူးစဉ်က မိန်းကလေးပုံစံ သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သောကြောင့် မျက်နှာသွယ်အောင် အဆီကျဆေးများ ထိုးခဲ့ ရကြောင်း ဇေရဲထက်က ပြောသည်။

‘‘အရင်က ကျွန်တော့်မျက်နှာ အရမ်းဖောင်းတဲ့အတွက် မိန်းကလေးပုံစံဆို အဆင်မပြေဘူး။ အဲဒါနဲ့ အဆီကျဆေးတွေ ထိုးလိုက်ရတယ်။ အဲဒီလိုထိုးလိုက်မှ နည်းနည်းလေး သွယ်သွားပြီး အဆင်ပြေသွားတာ’’ဟု ၎င်းက ပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ဇေရဲထက်က ယောက်ျားလေးပုံစံ နှင့် မိန်းကလေးပုံစံ နှစ်မျိုး သရုပ်ဆောင်ထားပြီး အချစ်ဟာသရုပ် ရှင်ဇာတ်ကားဖြစ်သည်။

မိန်းမလျာပုံစံ သရုပ်ဆောင်ရခြင်းသည် မိတ်ကပ်ပြင်ဆင်ရခြင်း၊ အဝတ်အစားပြင်ဆင်ရခြင်း စသဖြင့် အခြားဇာတ်ရုပ်များထက် ပိုမိုပင်ပန်းသော်လည်း ပရိသတ် အားပေးမှုရလျှင် ကျေနပ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီကားကတော့ သရုပ်ဆောင်တွေ အကုန်လုံး ရိုက်ရင်းနဲ့ ကို ပျော်ရွှင်နေရတာ။ အကုန်လုံး စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ရတာက အမှတ်တရပါပဲ’’ ဟု ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ် ဇာတ်ကား အမှတ် တရအကြောင်း ပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ဇေရဲထက်နှင့်အတူ ထွန်းထွန်း၊ ရာဇာနေဝင်း၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့နှင့်အတူ ဟာသသရုပ်ဆောင်များ ပါဝင်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ထားသည်။

‘‘ဇေရဲထက်ကလည်း မိန်းမ ချောချောတော့ ရိုက်ကူးရေးမှာ အခက်အခဲသိပ်မရှိဘူး။ အိုက်တင်ပိုင်းပဲ Control လုပ်ပေးရ တယ်’’ဟု ယင်းဇာတ်ကား ရိုက်ကူးရေးနှင့် ပတ်သက်၍ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောသည်။


Leave a Reply